အာဂျင်တီးနား ၁ – ၀ ဘရာဇီးလ်
(ဒီမာရီယာ ၂၂’)
ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိက ဗိုလ်လုပွဲ မှာတော့ ဒီမာရီယာရဲ့ ပွဲချိန် ၂၂ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အာဂျင်တီးနားတို့ ဘရာဇီးလ်ကို အနိုင်ယူပြီး ၁၅ ကြိမ်မြောက် ကိုပါအမေရိကဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
အဓိက ပြိုင်ပွဲကြီးတွေရဲ့ ဆုဖလား အောင်မြင်မှုနဲ့ ၂၈ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ အာဂျင်တီးနား အသင်း အတွက် သာမက နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု မရဖူးသေးတဲ့ မက်ဆီ အတွက်လည်း ကိုပါအမေရိကဖလားဟာ အဓိပ္ပာယ် များစွာ ရှိခဲ့တဲ့ ဆုဖလားလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ်တို့ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲ ရောက်မှ အခါးသီးဆုံး ပြိုင်ဘက် အာဂျင်တီးနားကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရတာကြောင့် နေမာ အပါအဝင် ကစားသမား တချို့ ပွဲအပြီးမှာ ဝမ်းနည်းစွာ ငိုကြွေးခဲ့ရပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပြိုင်ပွဲ စတင်ချိန်မှာ ကိုပါအမေရိကဖလား ချန်ပီယံဆုဟာ ဘရာဇီးလ်နဲ့ပဲ ထိုက်တန်တယ်လို့ သုံးသပ်ရတဲ့ အထိ နေမာ ဦးဆောင်တဲ့ အသင်းဟာ တစ်ဦးချင်း သာမက အသင်းလိုက် ကစားပုံ မှာပါ အပြစ် ပြောစရာ မရှိခဲ့တဲ့ အထိ ခြေစွမ်း ကောင်းခဲ့ပါတယ်။ တစ်တီရဲ့ အသင်းဟာ အီကွေဒေါနဲ့ ပွဲမှာ ခြေစွမ်း အနည်းငယ် ယိမ်းယိုင်ခဲ့တာ ကလွဲရင် ကိုပါအမေရိကဖလား ပွဲစဉ်တွေ အားလုံးကို ချန်ပီယံ ခြေစွမ်းနဲ့ ဖြတ်သန်းနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ အုပ်စု အဆင့် ကနေ ဆီမီးဖိုင်နယ် အထိ ၆ ပွဲ ကစားရာမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရဂိုး ၁၂ ဂိုး၊ ပေးဂိုး ၂ ဂိုးသာ ရှိခဲ့တဲ့ ဘရာဇီးလ် ဟာ ချန်ပီယံ ဖြစ်ခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနားထက် အဆပေါင်းများစွာ သာခဲ့ပါတယ်။ အာဂျင်တီးနား ကတော့ အုပ်စု အဖွင့်ပွဲမှာ ချီလီနဲ့ သရေကျခဲ့ပြီး ဥရုဂွေးကို ခက်ခက်ခဲခဲ ကစားပြီးမှာ ၁-၀ နဲ့ ကပ်နိုင်ခဲ့သလို ပါရာဂွေး ကိုလည်း ၁ ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့ပါတယ်။ ဘိုလစ်ဗီးယားလို အသင်းကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် လူငယ်နည်းပြ လီယွန်နယ် စကယ်လိုနီရဲ့ အသင်း ခြေစွမ်းက အားရစရာ လုံးဝ မရှိခဲ့ပါဘူး။ ဆီမီးဖိုင်နယ်မှာ ကိုလံဘီယာကို ပင်နယ်တီ အထိ ကစားပြီးမှ ဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုကြောင့် ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
တကယ်တမ်း ကစားတဲ့ အချိန်မှာလည်း တောင်အမေရိက ပွဲတွေရဲ့ ထုံးစံ အတိုင်း ခပ်ကြမ်းကြမ်း ကစားခဲ့တာကြောင့် ကြည့်မကောင်းခဲ့သလို နှစ်သင်းစလုံးရဲ့ ခြေစွမ်း ကလည်း လုံးဝ စိတ်ဝင်စားစရာ မရှိခဲ့ပါဘူး။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘရာဇီးလ်တို့ အသာရခဲ့တယ် ဆိုပေမယ့် ဂိုးပေါက် တည့်မှုမှာ ၂ ကြိမ်စီပဲ ရှိခဲ့ကြပါတယ်။ အာဂျင်တီးနား အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ ဘရာဇီးလ် ဘယ်နောက်ခံလူ လိုဒီရဲ့ ပေါ့ဆမှု ကနေ ဒီမာရီယာက တောက်လျောက် ဆွဲပြေးပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာ ဘရာဇီးလ်တို့ ပွဲပြီးတဲ့ အထိ အသာစီးနဲ့ ကစားပြီး ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဂျင်တီးနား နည်းပြရဲ့ လူစားလဲ မှန်ကန်မှု ဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဘရာဇီးလ်တို့ ၁ ဂိုးတည်းနဲ့ ကပ်ရှုံး သွားခဲ့ရပါတယ်။ မက်ဆီ အနေနဲ့ ဒုတိယပိုင်းမှာ အပိုင် အခွင့်အရေး ရရှိခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့သလို နေမာ ဟာလည်း အသင်းကို အကောင်းဆုံး ဆွဲတင်ပေးခဲ့ပေမယ့် ချေပဂိုး ရရှိဖို့ အထိ မတတ်နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံး ခြေစွမ်းနဲ့ ပတ်သတ်ပြီး သုံးသပ်ရရင် အာဂျင်တီးနားတို့ ခြေစွမ်း ကောင်းလွန်းလို့ အနိုင်ရခဲ့တာ မဟုတ်သလို ဘရာဇီးလ် ကလည်း ခြေစွမ်း မကောင်းခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ မဟုတ်ပါဘူး။ ဘာလိုနေမှန်း မသိအောင် လိုနေခဲ့တဲ့ ပွဲဖြစ်တာကြောင့် အမှားနည်းပြီး ရှားရှားပါးပါး ရတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့တဲ့ အသင်း ဗိုလ်စွဲသွားခဲ့တယ်လို့ပဲ ပြောရတော့မှာပဲ ဖြစ်ပါတယ်။
ထူးခြားချက်များ
- လွန်ခဲ့တဲ့ ၅ နှစ်က ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ကစားသမားဘဝ တစ်လျှောက် နိုင်ငံ အသင်းနဲ့ ပထမဦးဆုံး အကြိမ် ယူရို ၂၀၁၆ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ နေ့ဟာလည်း ဇွန်လ ၁၀ ရက်နေ့ပဲ ဖြစ်ပါတယ်။
- မက်ဆီ အနေနဲ့ ၂၀၂၁ ကိုပါအမေရိကဖလားမှာ ဗိုလ်လုပွဲ မကစားခင် ကတည်းက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသလို ၄ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးပြီး ဂိုးအများဆုံး သွင်းသူနဲ့ ဂိုးအများဆုံး ဖန်တီးသူ ဖြစ်ခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ အနေနဲ့ ကိုပါအမေရိကဖလား မှာ ၃၄ ပွဲ ကစားပြီး ပွဲအများဆုံး ကစားထားသူ အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။
- ဗိုလ်လုပွဲရဲ့ အနိုင်ဂိုးရှင် ဒီမာရီယာဟာ ၃ နှစ် အကြာမှ အာဂျင်တီးနား အတွက် ဂိုးပြန်သွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
- ဒီမာရီယာ ဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်း အာဂျင်တီးနား အတွက် ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ပထမဦးဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
- ဒီမာရီယာ ဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတို့မှာ အကောင်းဆုံး ကစားသမားဆု ရရှိဖူးတဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
- ၁၉၇၉ ခုနှစ် နောက်ပိုင်း ဘရာဇီးလ်မြေမှာ ကစားတဲ့ ကိုပါအမေရိကဖလား ပွဲစဉ်မှာ အာဂျင်တီးနားတို့ ဘရာဇီးလ်ကို ပထမဦးဆုံး အကြိမ် ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
- မာတီနက်ဇ်ဟာ အကောင်းဆုံး ဂိုးသမားဆု (ရွှေလက်အိတ်ဆု)ရရှိဖူးတဲ့ ပထမဦးဆုံး အာဂျင်တီးနား ကစားသမား ဖြစ်လာခဲ့ပါတယ်။ မာတတီနက်ဇ်ဟာ လက်ရှိ ၂၀၂၁ ကိုပါအမေရိကဖလားမှာ လက်စွမ်းပြနိုင်ခဲ့ပြီး Clean Sheet ၄ ပွဲအထိ ရခဲ့ပါတယ်။
- အာဂျင်တီးနားတို့ ဘရာဇီးလ်ကို ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ၈၄ နှစ်အတွင်း ပထမဦးဆုံး အကြိမ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
- အာဂျင်တီးနားတို့ ကိုပါအမေရိကဖလား ချန်ပီယံဆုကို ၁၅ ကြိမ်အထိ ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ဥရောဂွေးနဲ့ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.