ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘယ်နောက်ခံလူ တစ်ဦး ခေါ်ယူဖို့ ရှိနေပြီးတော့ ပီအက်စ်ဂျီက နူနို မန်းဒက်စ်ကို ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ရတဲ့ သတင်းတွေမှာ ဆိုရင်တော့ နူနို မန်းဒက်စ် အတွက် အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချို ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
နူနို မန်းဒက်စ် ကတော့ အသက် ၂၂ နှစ်သာ ရှိသေးပြီး နည်းပြ ရူဘင် အမော်ရင် စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်ခဲ့စဉ်က လူငယ် အသင်း ကနေ စီနီယာ အသင်းကြီးထံ ခေါ်ယူခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမော်ရင်က သူ့ရဲ့ တပည့်ဟောင်း ဖြစ်တဲ့ မန်းဒက်စ်ကို ယူနိုက်တက်ဆီ ခေါ်ယူပြီး ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ အမော်ရင် ကတော့ သူ့ရဲ့ ကစားကွက်နဲ့ ကိုက်ညီတဲ့ ကစားသမားတွေကို ခေါ်ယူ အားဖြည့်ဖို့ ကြိုးပမ်းလျက် ရှိပြီးတော့ နူနို မန်းဒက်စ် ကတော့ နံပါတ် ၁ ပစ်မှတ် ကစားသမားလည်း ဖြစ်နေတာပါ။
နူနို မန်းဒက်စ်ဟာ ၂၀၂၂ ခုနှစ်မှာ ပီအက်စ်ဂျီကို အပြီးသတ် ပြောင်းရွှေ့ ကစားခဲ့ပြီးတော့ ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်းဒက်စ်က ပီအက်စ်ဂျီ အတွက် ၃ နှစ်ကျော်ကြာ ကာလ အတွင်း ပြိုင်ပွဲစုံ ၆၄ ပွဲသာ ကစားထားရပြီး လက်ရှိရာသီ မှာလည်း ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးလိုခြင်း မရှိပဲ အသင်း ပြောင်းရွှေ့ဖို့ လိုလားနေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။ ပြင်သစ် ကလပ် ဘက်ကလည်း အသင်းမှာ ဆက်မနေချင်တဲ့ မန်းဒက်စ်ကို ရောင်းထုတ်ဖို့ လိုလားနေတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီက နူနို မန်းဒက်စ်ကို သူတို့ ဝယ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ယူရို သန်း ၄၀ ဝန်းကျင်ထက် ပိုရမှ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဖြစ်နိုင်မယ် ဆိုရင် နူနို မန်းဒက်စ် အတွက် ယူရို ၆၅ သန်း ဝန်းကျင် ရရှိမှသာ ရောင်းထုတ်လိုနေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ငွေကြေး သုံးစွဲနိုင်ဖို့ မသေချာတဲ့ ယူနိုက်တက်က အမော်ရင်ရဲ့ သဘောအတိုင်း ဂါနာချိုနဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်ကြောင်း ဥရောပ မီဒီယာတွေက ဖော်ပြလျက် ရှိနေပါတယ်။
ရူဘင် အမော်ရင် ကတော့ ဂါနာချိုကို အာဆင်နယ်နဲ့ ကစားတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပေမယ့် ရှေ့ပွဲတွေမှာတော့ လူစာရင်း ကနေ ချန်လှပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဂါနာချိုက ပရီးမီးယားလိဂ် ကလပ် ကနေ ရောင်းထုတ်ခံရနိုင်ချေ ရှိနေတဲ့ ကစားသမား အဖြစ် ထင်ကြေး ပေးခံနေရတာလည်း ဖြစ်ပါတယ်။ ဂါနာချိုကို လက်ရှိမှာ စီးရီးအေ ကလပ် နာပိုလီက ခေါ်ယူဖို့ ကြိုးပမ်းနေပြီးတော့ ခါဗရာစခီလီယာ နေရာမှာ အစားထိုးဖို့ နည်းပြ အန်တိုနီယို ကွန်တီက မျက်စိကျလျက် ရှိကြောင်း အီတလီက လာတဲ့ သတင်းတွေအရ သိရပါတယ်။
ဂါနာချိုနဲ့ ခါဗစ်ချာ ခါဗရာစခီလီယာ တို့ကတော့ ကစားတဲ့ နေရာချင်း တူညီနေသလို အာဂျင်တီးနားသားဟာ ခြေစွမ်းခြေစ ရှိတဲ့ ကစားသမား ဖြစ်တာကြောင့် ကွန်တီရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။ လက်ရှိမှာ ခါဗရာစခီလီယာ ကတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီးတော့ နာပိုလီ ကနေ ထွက်ခွာဖို့လည်း တောင်းဆိုထားကြောင်း ကွန်တီက အတည်ပြုထားပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ အနေနဲ့ ဂျော်ဂျီယာသားကို ခေါ်ယူနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ဂါနာချိုနဲ့ ကမ်းလှမ်းချက် ကိုတော့ လက်ခံဖွယ် မရှိနိုင်ပါဘူး။ ဒါကြောင့် ယူနိုက်တက် ကလည်း ဂါနာချိုကို နာပိုလီထံ ရောင်းထုတ်ပြီး ရရှိလာတဲ့ ငွေကြေးနဲ့သာ နူနို မန်းဒက်စ်ကို ပြန်လည် ကမ်းလှမ်းရမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.