ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ အသုံးစရိတ်ကို လျှော့ချဖို့ အတွက် မလိုအပ်တဲ့ ဝန်ထမ်းပေါင်း ၂၀၀ နီးပါးကို လျှော့ချသွားမှာ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။
ဒီလို လျော့ချတဲ့ လုပ်ငန်းစဉ် ကတော့ ၃ လ ကနေ ၄ လ နီးပါး ကြာမြင့်မှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်ဟာ ဝန်ထမ်းဦးရေ စုစုပေါင်း ၁၅၀ ကနေ ၂၀၀ ကြား လျှော့ချသွားမှာလည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက် စာရင်းတွေ အရ ယူနိုက်တက်ရဲ့ ဝန်ထမ်း အရေအတွက်က ၁၁၄၀ ဦး ရှိခဲ့ပြီးတော့ အဲဒီ နောက်ပိုင်း မှာတော့ ဝန်ထမ်း ဦးရေ ၂၅၀ ဝန်းကျင် လျော့ချခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်နဲ့ ပတ်သတ်တဲ့ လုပ်ငန်း ကိစ္စတွေကို ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ INEOsက ကိုင်တွယ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ INEOs က စတင် ကိုင်တွယ်ချိန်က စပြီး အသင်းရဲ့ ဘဏ္ဍာငွေ လိုငွေပြမှုတွေကို ကာမိစေဖို့ အတွက် အသုံးစရိတ် လျှော့ချမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ မှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် အိုမာ ဘယ်ရယ်ဒါက အသင်းရဲ့ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီးနောက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်တာ အတွင်း မှာတော့ ယူနိုက်တက်ရဲ့ ဝန်ထမ်း ဦးရေ ၄၅၀ ခန့် (၃၉ ရာခိုင်နှုန်း) အလုပ် ဆုံးရှုံးမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၉ ခုနှစ်က စပြီး ပြီးခဲ့တဲ့ ၅ နှစ် ဆက်တိုက် ဘဏ္ဍာရေး ရှင်းတမ်းမှာ အရှုံးပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထုတ်ပြန်ခဲ့တဲ့ ဒုတိယ ၄ လပတ် အတွက် ဘဏ္ဍာရေး ရှင်းတမ်း မှာတော့ ပေါင် ၂၇.၇ သန်း အရှုံးပြခဲ့ပြီးတော့ နောက်ဆုံး ၃ နှစ်တာ အတွင်း မှာတော့ ပေါင် သန်း ၃၀၀ ကျော် ရှုံးထားခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာ ဝန်ထမ်းဦးရေ လျှော့ချဖို့ စီစဉ်နေတဲ့ အစောပိုင်း ကလည်း အသင်းမှာ ဆက်ရှိနေမယ့် ဝန်ထမ်းတွေ ကိုလည်း နေ့လယ်စာ ကျွေးမွေးမှု ရပ်တန့်ပြီး အဆာပြေသာ ပြောင်းလဲ ကျွေးမွေးဖို့ ဆုံးဖြတ်ထားခဲ့ပါသေးတယ်။ ကြားသိရတာ အရ ဆိုရင် ယူနိုက်တက်ဟာ အသင်းရဲ့ ဝန်ထမ်းတွေကို ဆန်းဒဝှစ်ချ်နဲ့ ဟင်းရည်သာ ကျွေးမွေးဖို့ ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ရောက်ရှိနေပေမယ့် အဆင့် ၁၈ နေရာက အသင်းနဲ့ ၁၆ မှတ် ပြတ်နေလို့ တန်းဆင်းဇုန် အန္တရာယ်နဲ့တော့ ဝေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ဥရောပ ဝင်ခွင့် နေရာနဲ့တော့ ၁၃ မှတ် ကွာဟနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ၁၆ သင်း အဆင့်ကို တက်လှမ်းထားပြီးတော့ ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ဆုံနေလို့ လက်ရှိ ခြေစွမ်းနဲ့ ဆိုရင်တော့ ခက်ခဲဖို့ သေချာနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.