နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းက ကစားသမား အများစု ထွက်ခွာရနိုင်ချေ ရှိကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က သတိပေး စကား ပြောကြားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ အတွက် စီစဉ်နေတာ ဖြစ်ပြီး ကစားသမားတွေ ကိုလည်း ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အမော်ရင်က “အဲဒီ အကြောင်း ကျွန်တော်တို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့ ပွဲတွေ အများကြီး ကစားရဦးမှာပါ။ ဒါပေမယ့် အဲဒါက ခက်ခဲတဲ့ အခြေအနေ မဟုတ်ဘူးလို့တော့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘောလုံးမှာ တစ်ခါတလေ ဆက်နေရပြီး တစ်ခါတလေ ထွက်သွားရတာကို အားလုံးက နားလည်ထားကြလို့ပါ။ တစ်စုံတစ်ဦး အပေါ် ရိုးသားမှု ရှိတဲ့အခါ သူတို့ အဲဒါကို လက်ခံနိုင်ကြပါတယ်။ အစပိုင်းမှာ ခက်ခဲပေမယ့် သူတို့ နားလည်ကြမှာပါ။ အဲဒါကြောင့် ကျွန်တော်က ကစားသမားတွေ အပေါ်မှာ တော်တော်လေး ရိုးသားစွာပဲ ဆက်ဆံပါတယ်။ ရာသီကုန်မှာ သူတို့ ဆက်သွားရမယ် ဆိုတာ သိထားကြပြီးသားပါ။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ ဗြိတိန်ဘီလျံနာ ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ အသုံးစရိတ်တွေ လျှော့ချဖို့ အတွက် ဝန်ထမ်းတွေကို ထုတ်ပယ်လျက် ရှိနေပြီး ပထမအကြိမ်မှာ ဝန်ထမ်းဦးရေ ၂၅၀ လျှော့ချခဲ့ကာ ဒုတိယအကြိမ်မှာတော့ အယောက် ၂၀၀ လျှော့ချမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က နွေရာသီကာလမှာ ကစားသမားသစ် ခေါ်ယူချင်ရင်လည်း အသင်းမှာ ရှိသူတွေကို ရောင်းချပြီး ဝင်ငွေ ရှာဖွေရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အမော်ရင်က တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို အစ်ဝစ်ချ်နဲ့ ပွဲမှာ လူစားလဲခံရစဉ် အတွင်း အရန်ခုံကို မသွားပဲ အဝတ်လဲခန်းထဲကို တန်းဝင်သွားတဲ့ အပြုအမူကို ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ အသင်းဖော်တွေကို ညစာ ဝယ်ကျွေးခိုင်းခဲ့ကြောင်းလည်း သိရပါတယ်။
ဒါနဲ့ ပတ်သတ်လို့ အမော်ရင်က “အဲဒါက ရယ်စရာပါပဲ။ ဘာလို့လဲ ဆိုတော့ နောက်တစ်ရက်မှာ သူက ကျွန်တော့် ရုံးခန်းဆီ ရောက်လာခဲ့တယ်။ ကျွန်တော် စုံစမ်းမှု တချို့ လုပ်ခဲ့တယ်။ သူက အဝတ်လဲခန်းဆီ သွားပြီးတော့ ရေစိုနေလို့ အဝတ်တွေ လဲလိုက်တယ်။ ပြီးတော့ အရန်ခုံက မဟုတ်ဘဲ တခြား နေရာ ကနေ ပွဲကြည့်ခဲ့တယ်။ ပွဲပြီးချိန်မှာ သူက ဒီမှာ ရှိနေပြီး နောက်တော့ အိမ်ပြန်သွားတယ်။ အဲဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်မှာ အရာအားလုံးက အရေးကြီးတယ်၊ အသင်းကြီး တစ်သင်းရဲ့ ခံယူချက်က တကယ့်ကို အရေးကြီးကြောင်းလည်း သူ့ကို ပြောခဲ့ပါတယ်။ အဲဒါကြောင့် သူက အသင်းသား အားလုံး အတွက် ညစာ ဝယ်ကျွေးရမှာပါ။ ဒါပါပဲ။ ဒါကို သူနားလည်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က သူတို့ကို ပိုကောင်းတဲ့ ဘောလုံးသမားတွေ ဖြစ်လာအောင် ကူညီပေးဖို့ ကြိုးစားနေတာပါ။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ် မှာလည်း ဖူလ်ဟမ်ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ခဲ့ရပေမယ့် သာမန် ပွဲချိန် အတွင်း သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ၃-၄ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပင်နယ်တီမှာ ယူနိုက်တက် ဘက်က လင်ဒီလော့ဖ်နဲ့ ဇီယက်ခ်ဇီးတို့ လွဲချော်ခဲ့ပြီး ဒီကစားသမား နှစ်ဦးစလုံးရဲ့ ကန်ချက်တွေကို ဖူလ်ဟမ် ဂိုးသမား ဘန်လန်နို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဖ်အေဖလား လက်ရှိ ချန်ပီယံ ယူနိုက်တက် အနေနဲ့ နောက်ထပ် အရေးပါတဲ့ ပြိုင်ပွဲ တစ်ခု ကနေ ထပ်မံ ထွက်ခွာခဲ့ရပြီလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် မှာလည်း ရုန်းကန်နေရဆဲ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.