၂၀၂၀-၂၁ ခုနှစ်အတွက် ပရီးမီးယားလိဂ် ဘောလုံးရာသီကလည်း ပြီးဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် ဒီအချိန်မှာ PFA လို့ ခေါ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နဲ့ ဘောလုံးကလောင်ရှင်တွေက မဲပေးရွေးချယ်တဲ့ FWA ဆုကို ဘယ်ကစားသမားတွေက ဆွတ်ခူးသွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ။
ဘယ်သူတွေက ဆန်ကာတင်စာရင်းမှာ ဦးဆောင်နေတာလဲ။
အခုနှစ် အတွက် FWA ဆုပေးပွဲကိုတော့ မေလ ၂၀ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး PFA ဆုပေးပွဲကိုတော့ ဇွန်လ ၄ ရက်နေ့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆုရရှိသွားနိုင်တဲ့ ကစားသမားတွေကို ခန့်မှန်းမှုတွေ ဘောလုံးအသိုင်းအဝိုင်း က ခန့်မှန်းမှုတွေ စတင်ပြုလုပ်နေကြပါပြီ၊။ PFA ဆု အတွက် ဆန်ကာတင်ကစားသမား စာရင်းဟာ နှစ်စဉ် နှစ်တိုင်း ဧပြီလကုန်မှာ ထွက်ပေါ်လေ့ရှိပြီး ဒီနှစ်အတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ ဆန်ကာတင် ကစားသမား စာရင်းမှာတော့ မန်ချက်စတာစီးတီး က ၄ ဦး၊ မန်ချက်စတာယူနိုက်တက်၊ စပါးနဲ့ ချဲလ်ဆီးတို့က ၁ ဦးစီ ပါဝင်နေပါတယ်။
၁။ ဘရူနိုဖာနန်ဒက်စ် (ကွင်းလယ်/ မန်ချက်စတာယူနိုက်တက်)
၂။ ရူဘင်ဒီးရာ့စ် (နောက်တန်း/ မန်ချက်စတာစီးတီး)
၃။ ဟယ်ရီကိန်း (တိုက်စစ်/ တော့တင်ဟမ်ဟော့စပါး)
၄။ ဂွန်ဒိုအန် (ကွင်းလယ်/ မန်ချက်စတာယူနိုက်တက်)
၅။ ကီဗင်ဒီဘရိုင်းနား (ကွင်းလယ်/ မန်ချက်စတာစီးတီး)
၆။ ဖေးလ်ဖိုဒန် (တိုက်စစ်/ မန်ချက်စတာစီးတီး)
၇။ ဂျက်ဂရီးလစ်ရှ် (ကွင်းလယ်/ အက်စတွန်ဗီလာ)
၈။ မေဆင်မောင့် (ကွင်းလယ်/ ချဲလ်ဆီး)
ထိပ်ဆုံးက ရေပန်းစားနေတဲ့ (၃) ဦး
ဘရူနိုဖာနန်ဒက်စ်
အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင် ဘရုနိုဖာနန်ဒက်စ် ကတော့ PFA ဆုရဖို့ အတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘောလုံးကျွမ်းကျင်သူ သူတချို့ကတော့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရှိပြီး ကာလတိုအတွင်းမှာတင် ဒီဆုကို ရရှိသွားမယ်လို့ တထစ်ချ သုံးသပ်ဖော်ပြနကြပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အလယ်လောက်ကမှ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်း ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားခဲ့ရာမှာ ၈ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒီရာသီမှာ ဆိုရင်လည်း ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ပွဲ အထိ ကစားပေးထားခဲ့ပြီး သွင်းဂိုး ၁၈ဂိုး၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်၊ အခွင့်အရေး ဖန်တီးနိုင်မှု အကြိမ် ၂၀အထိ ပြုလုပ်ထားနိုင်တာ တွေ့ရပါတယ်။ ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ်အတွင်း လအလိုက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ၄ ကြိမ်အထိ ရရှိခဲ့ပြီး ဒီရာသီ မှာတော့ ၂ ကြိမ် ရရှိထားပြီး ဖြစ်ပါတယ်။
မှတ်မှတ်ရရ ယူနိုက်တက်တို့ အဲဗာတန်ကို ၁-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဖာနန်ဒက်စ် အနေနဲ့ ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ အတူ ကာဗာနီရဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ် သွင်းဂိုးအတွက် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ ပရီးမီးယားလိဂ် ရလဒ်ဆိုးရွားနေမှုကို ရပ်တန့်ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ၆ ပွဲကစားခဲ့ရာ ၂ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲရှုံး၊ ၁ ပွဲသရေ ကျထားလို့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစလို့ ဖာနန်ဒက်စ်ဟာ ပွဲစဉ်တိုင်းနီးပါး ခြေစွမ်းပြပြီး သူ့ရဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကြောင့်ပဲ ယူနိုက်တက်တို့ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့တာကြောင့် လက်ရှိမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအထိ ရောက်ရှိထားခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာလည်း ရပ်တည်ထားနိုင်ခဲ့ပါတယ်။
ရူဘင်ဒီးရာ့စ်
မန်ချက်စတာစီးတီးတို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် သရဖူ လွှဲပြောင်းပေးခဲ့ ရခြင်းဟာ ခံစစ်က ကျောက်ဆောင်လို မာကျောခဲ့တဲ့ ဗင်းဆင့်န်ကွန်ပန်နီ ထွက်ခွာသွားချိန်မှာ အစားထိုးဖို့ ကစားဖို့ ရှာမတွေ့ခဲ့တာကြောင့် ဖြစ်တယ်လို့ တော်တော်များများက သုံးသပ်ကြပါတယ်။ ဒီရာသီမှာတော့ ဘင်ဖီကာ ခံစစ်က ပေါ်တူဂီ ကစားသမား ရူဘင်ဒီးရာ့စ်ကို စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ အရခေါ်ယူနိုင်ခဲ့လို့ မန်စီးတီးတို့ရဲ့ လက်ရှိ အခြေအနေကတော့ အားလုံးသိပြီးကြတဲ့ အတိုင်းပါပဲ။ အသင်းတစ်သင်းရဲ့ အောင်မြင်မှုအတွက် ခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်သလဲ ဆိုရင်တော့ လစ်ဗာပူးလ်နဲ့ ဗန်ဒိုက်ချ်က အကောင်းဆုံး အဖြေတစ်ခုပါပဲ။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ရူဘင်ဒီးရာ့စ် ဟာ အချိန်တိုတွင်း ပရီးမီးယားလိဂ်မှာ အခြေကျခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါပြီ။
ရူဘင်ဒီးရာ့စ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ နေမာ၊ ဒီမာရီယာ၊ အီကာဒီ၊ ဗာရက်တီတို့လို ကစားသမားတွေကို တစ်ပွဲလုံး အကောင်းဆုံး ထိန်းချုပ်ကစားပြသွားခဲ့တာကို ကြည့်ပြီး သိနိုင်ပါတယ်။ သူ့ကို သတိထားမိစေခဲ့တဲ့ ပွဲကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲဖြစ်ပြီး ရူဘင်ဒီးရာ့စ် အနေနဲ့ ဘောလုံးရှင်းထုတ်မှု ၆ ကြိမ်၊ အပိုင်အခွင့်အရေး ပိတ်ဆို့တားဆီးမှု ၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ရူဘင်ဒီးရာ့စ် ဟာ ဗဟိုခံစစ်မှူး ဖြစ်ပေမယ့် ဗန်ဒိုက်ချ်လို PFA ဆုကို ရရှိကောင်း ရရှိသွားနိုင်ပါတယ်။
ဟယ်ရီကိန်း
ဒီရာသီမှာ တော့တင်ဟမ်ဟော့စပါး အသင်းကနေ ထွက်ခွာခွင့် တောင်းထားတဲ့ ဟယ်ရီကိန်းဟာလည်း PFA ဆုရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၂၂ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့ အတူ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေပါတယ်။ ဟယ်ရီကိန်းဟာ ဒီရာသီ အတွက် ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားနိုင်ရုံ သာမက ဂိုးဖန်တီးမှု အပိုင်းမှာလည်း ကီဗင်ဒီဘရိုင်းနား၊ ဘရူနိုဖာနန်ဒက်စ်တို့ကို ကျော်လွန်ပြီး ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းရဲ့ ဒီရာသီမှာ အမှတ်တရ ရှိခဲ့တဲ့ ပွဲကတော့ ဆောက်သမ်တန်ကို စိန့်မေရီမှာ ၂-၅ နဲ့ အနိုင်ရခဲ့တဲ့တုန်းက ဖြစ်ပြီး အဲ့ဒီပွဲမှာ ဆွန်ဟောင်မင် ရဲ့ သွင်းဂိုး ၄ ဂိုးအတွက် ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးခဲ့သလို ကိုယ်တိုင်လည်း ၁ ဂိုးသွင်း နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၁-၆ နဲ့ အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် ပွဲစဉ် တော်တော်များများမှာ အဓိကကျတဲ့ နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး အတွက် လက်ရှိအချိန်ထိ ၃၃၉ ပွဲ ကစားပေးထားပြီး ၂၂၈ ဂိုး သွင်းယူထားတဲ့ ဟယ်ရီကိန်းဟာ အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းပေးထားသူလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (PFA) ကိုတော့ အင်္ဂလန်နဲ့ ဝေးလ်စ် မှာရှိတဲ့ အဖွဲ့ဝင်ပေါင်း ၄၀၀၀ ပါဝင်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း ကနေ မဲပေးရွေးချွယ်တာ ဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု (FWA) ကိုတော့ အားကစားကလောင်ရှင် ၄၀၀ လောက်နဲ့ ဖွဲ့စည်းထားတဲ့ ဘောလုံးကလောင်ရှင်များ အဖွဲ့အစည်းက ပေးအပ်ချီးမြှင့်တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အတွက် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု (PFA) ကိုတော့ မန်ချက်စတာစီးတီး ကွင်းလယ်က ကီဗင်ဒီဘရိုင်းနားက ရရှိခဲ့ပြီး အခုနှစ် ဆန်ကာတင် စာရင်းမှာလည်း နှစ်နှစ်ဆက် ပါဝင်လာတာလည်း ဖြစ်ပါတယ်။ FWA ဆု ကိုတော့ လစ်ဗာပူးလ် အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန်ဟန်ဒါဆင်က နောက်ဆုံး ရရှိထားခဲ့ပါတယ်။
လူငယ်ကစားသမားဆု ကရော ဘယ်သူ့အတွက် ဖြစ်လာနိုင်မလဲ။
တပြိုင်နက်တည်းမှာပဲ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ကာတင် စာရင်းလည်း ထွက်ပေါ်ထားခဲ့ပြီး မန်ချက်စတာစီးတီး ဗဟိုခံစစ်မှူး ရူဘင်ဒီးရာ့စ်က ဆုရရှိဖို့ ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ သိရပါတယ်။ ဒီးရာ့စ်ဟာ မန်ချက်စတာစီးတီးနဲ့ ပွဲဦးထွက် ရာသီမှာတင် လိဂ်ဖလား၊ ပရီးမီးယားလိဂ် ဖလားတို့ ရရှိထားပြီး ချန်ပီယံလိဂ်ဖလား သာထပ်ပြီး ကိုင်မြှောက်နိုင်ခဲ့ရင် အခုနှစ်အတွက် ရွေးချယ်မယ့် ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ရဲ့ ဆန်ကာတင် စာရင်းမှာလည်း ကျိန်းသေပေါက် ပါဝင်လာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ကိုတော့ လစ်ဗာပူးလ် ညာနောက်ခံလူ အလက်ဇန္တားထရန့်-အာနိုးလ်က ရရှိခဲ့ပါတယ်။ အခုနှစ်ရဲ့ ဆန်ကာတင် စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားတွေ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
၁။ ရူဘင်ဒီးရာ့စ် (မန်ချက်စတာစီးတီး)
၂။ မေဆင်မောင့် (ချဲလ်ဆီး)
၃။ ဖေးလ်ဖိုဒန် (မန်ချက်စတာစီးတီး)
၄။ မားကပ်စ် ရက်ရှ်ဖို့ဒ် (မန်ချက်စတာယူနိုက်တက်)
၅။ ဘကာယို ဆာကာ (အာဆင်နယ်)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.