လက်စတာစီးတီး ၂ – ၄ နယူးကာဆယ်
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)ရဲ့ အစောဆုံး ပွဲတစ်ပွဲမှာတော့ နယူးကာဆယ်တို့ အံ့အားသင့်ဖွယ် ခြေစွမ်းတွေနဲ့အတူ လက်စတာစီးတီးကို အဝေးကွင်းမှာ ၂-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာရဲ့ အသင်းဟာ ရာသီသိမ်းချိန် နီးတိုင်း ခြေချော်တာဟာ အစဉ်အလာ တစ်ခုလို ဖြစ်နေပြီး မနှစ်ကလို ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာဦးမှာလား ဆိုတာ လက်ကျန်ပွဲတွေကို ဆက်လက် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ အခုနိုင်ပွဲကြောင့် ရာသီအကုန်မှာ တန်းမဆင်းရဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာတော့ နှစ်သင်းစလုံး အဓိကကစားသမားတွေနဲ့ ပွဲထွက်လာကြပြီး ဘရန်ဒန် ရော်ဂျာရဲ့အသင်းက ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုခဲ့သလို နယူးကာဆယ် ကတော့ ၅-၃-၂ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ လက်စတာစီးတီးမှာ တိုက်စစ်က ဂျင်မီဗာဒီ၊ အီယန်နာချို တို့ ဦးဆောင်ပြီး မက်ဒီဆင်၊ တိုင်လီမန့်စ်၊ ပရဲရား၊ အောလ်ဘရိုက်တန်၊ ကတ်စတန်နီ၊ ဖိုဖာနာ၊ ဆွိုင်ယွန်ချူး၊ ကတ်စပါ ရှမိုက်ကယ်တို့ ပါဝင်လာပါတယ်။ စတိဗ်ဘရုစ်ကလည်း သူ့အသင်းမှာ စိန့်မက်ဆီမင်၊ ကော်လမ်ဝီလ်ဆင်၊ ဝေးလ်လော့ခ်၊ ရှဲလ်ဗီ၊ ဒမ်းမတ်၊ ဒူဘရက်ဗ်ကာတို့လို အမာခံကစားသမားတွေကိုပဲ အဓိက ပွဲထွက် ကစားစေခဲ့ပါတယ်။
နယူးကာဆယ်တို့ ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ခြေစွမ်းမကောင်းလို့ ရှုံးနိမ့်ခဲ့ရပေမယ့် ဒီနေ့မှာတော့ ရှေ့ပွဲတွေတုန်းက ပုံစံကောင်းတစ်ခုကို ပြန်လည်ရရှိခဲ့တာ တွေ့ရပါတယ်။ လက်စတာစီးတီးတို့ ပွဲအစပိုင်းမှာ နယူးကာဆယ် ဂိုးပေါက်ကို မကြာခဏ ဖိအားပေးနိုင်ခဲ့ပေမယ့် ကာဆယ်တို့က ပိုပြီးထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဖက်ဒရစ်ကို ဖာနန်ဒက်စ်ရဲ့ ခေါင်းတိုက်ချက် တိုက်ဘေးက ထွက်သွားတာ၊ စိန့်မက်ဆီမင်ရဲ့ အပိုင်ပိတ်သွင်းမှုကို ရှမိုက်ကယ် ကာကွယ်သွားခဲ့တာတွေကြောင့် အိမ်ရှင်တို့ ကံကောင်းခဲ့ရတာပါ။ ဒါပေမယ့် ပွဲချိန် ၂၂ မိနစ် မှာတော့ လက်စတာစီးတီး နောက်ခံလူ ဆွိုင်ယွန်ချူးဆီက ဘောလုံးကို ဂျိုးဝေးလ်လော့ခ်က လျင်လျင်မြန်မြန်နဲ့ လုယူဆွဲပြေးပြီး ဂိုးပေါက်ထဲကို ပါးပါးနပ်နပ်ပဲ ကန်သွင်းသွားလို့ ဧည့်သည်အသင်း ဦးဆောင်ဂိုး ရသွားပါတယ်။ အဲ့နောက်မှာတော့ လက်စတာစီးတီးတို့ ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် နယူးကာဆယ်တို့ ပွဲချိန် ၃၄ မိနစ်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြန်ပါတယ်။ ထောင့်ကန်ဘော ကနေတစ်ဆင့် နောက်ခံလူ ပေါလ်ဒမ်းမတ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီရာသီအတွက် သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လက်စတာစီးတီးတို့ လူစားလဲလှယ်မှုတချို့ ပြုလုပ်ခဲ့ပြီး အယိုဇီ ပီးရက်ဇ် ဝင်လာခဲ့ချိန်မှာ တိုက်စစ်ကစားပုံ ပိုကောင်းလာခဲ့ပေမယ့် နယူးကာဆယ်တို့ပဲ သွင်းဂိုးတွေ ထပ်ရခဲ့ပါတယ်။ ၆၄ မိနစ်နဲ့ ၇၃ မိနစ်တွေမှာ ကော်လမ်ဝီလ်ဆင်က ပြိုင်ဘက် နောက်တန်းကို အကောင်ဆုံး ကျော်ဖြတ်ပြီး တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေ ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ၄ ဂိုး ရပြီးတဲ့နောက်မှာ အနိုင်ရလဒ်ကို ထိန်းကစားဖို့ ကြိုးပမ်းလာတဲ့ နယူးကာဆယ်တို့ ခံစစ်အသားပေး ကစားပုံကို ပြောင်းလဲခဲ့လို့ လက်စတာတို့ တိုက်စစ်ဆင်ရတာ ပိုကောင်းသွားပြီး မိနစ် ၈၀နဲ့ ၈၇ မိနစ်တွေ မှာ မက်ခ်အောလ်ဘရိုက်တန်နဲ့ အီယန်နာချို တို့က ချေပဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ လက်စတာစီးတီးတို့ ချေပဂိုးတွေ ထပ်ရဖို့ အားထုတ်ခဲ့ပေမယ့် အချိန်မမှီတော့လို့ ၂-၄ ရလဒ်နဲ့ပဲ ငှက်ကြားတွေကို ကင်းပါဝါမှာ အရှုံးပေးခဲ့ရပါတယ်။
ပွဲပြီးသုံးသပ်ချက်
နယူးကာဆယ်တို့ နောက်ပိုင်းပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ ပွဲကလွဲလို့ ကျန်အသင်းကြီးတွေနဲ့ ပွဲတော်တော်များများမှာ အမှတ်တွေ ရှာဖွေနိုင်ခဲ့ပြီး အခုပွဲမှာလည်း ၃ မှတ်ထပ်ရလို့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် ဘေးကနေ ပြေးလို့ လွတ်သလောက် ရှိခဲ့ပါပြီ။ နယူးကာဆယ်တို့ လက်ကျန် ၃ ပွဲစလုံး ရှုံးနိမ့်ပြီး တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်တို့ ၄ ပွဲစလုံး အနိုင်ရမှပဲ တန်းဆင်းရမှာဖြစ်လို့ ဖြစ်နိုင်ချေ နည်းလွန်းပါတယ်။ ငှက်ကြားတွေ အခုလို တန်းဆင်းဇုန် အန္တရာယ်ကနေ ရုန်းထွက်နိုင်အောင် အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ကယ်တင်ပေးခဲ့တဲ့ ကစားသမား ကတော့ အာဆင်နယ် အသင်း ကနေ အငှားနဲ့ လာကစားနေတဲ့ ဂျိုးဝေးလ်လော့ခ် ဖြစ်ပါတယ်။ သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး အာဆင်နယ်မှာ တိမ်မြုပ်ခဲ့သမျှ ငှက်ကြားတွေဆီ ရောက်မှပဲ တောက်ပပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပွဲဆက် ခြေချော်ခဲ့တဲ့ လက်စတာစီးတီး ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိသွားပြီး လက်ကျန် ပရီးမီးယားလိဂ် ပွဲတွေမှာ ယူနိုက်တက်၊ ချဲလ်ဆီး၊ စပါးတို့နဲ့ ကစားရမှာ ဖြစ်လို့ အသည်းအသန် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
လက်စတာစီးတီးတို့ လာမယ့် မေလ ၁၁ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားဖို့ရှိပြီး နယူးကာဆယ် ကတော့ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံရမှာ ဖြစ်လို့ ပွဲကြပ်တွေ ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.