ဝက်စ်ဘရွန်း ၁ – ၂ လစ်ဗာပူးလ်
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)ရဲ့ ပွဲတစ်ပွဲမှာတော့ လစ်ဗာပူးလ်တို့ ဂိုးသမား အလစ်ဆွန် ဘက်ကာရဲ့ နာကျင်အချိန်ပို ခေါင်းတိုက်သွင်းဂိုးနဲ့ အတူ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ အနိုင်ရသွားပါတယ်။ အလစ်ဆွန်ရဲ့ ကယ်တင်မှုကြောင့် လစ်ဗာပူးလ်တို့ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၁ မှတ်ပဲ ကွာဟတော့သလို ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်း ဆက်လက် ရှင်သန်ခဲ့ရပါတယ်။
ဆမ်အာလာဒိုက်စ်ရဲ့ အသင်းကတော့ ဒီနေ့ပွဲမှာ ရော်ဘင်ဆင်နဲ့ ဒီယက်ဂ်နေး အစား ရော့ဘ်ဆင်ကနူး၊ ဒီယန်ဂနာ တို့ကို ပွဲထွက် ကစားစေခဲ့တာကလွဲလို့ အာဆင်နယ်နဲ့ ပွဲတုန်းက လူစာရင်းအတိုင်း အပြောင်းအလဲ သိပ်မလုပ်ပဲ ၄-၄-၁-၁ ကစားကွက်နဲ့ လစ်ဗာပူးလ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ကလော့ပ် အနေနဲ့လည်း မပြောင်းလဲတဲ့ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး ဂျိုတာ နေရာမှာ မာနေး၊ ဝစ်ဂျ်နယ်ဒမ်နေရာမှာ ကာတစ်ဂျုံးစ်တို့ ပါဝင်လာခဲ့ပြီး ယူနိုက်တက်ကို ၂-၄ နဲ့ အနိုင်ရခဲ့တုန်က လူစာရင်းကို ၂ နေရာပဲ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ပွဲအစပိုင်း လစ်ဗာပူးလ်တို့ ပွဲကို ထိန်းချုပ်ပြီး ကစားကွက် တည်ဖို့ ကြိုးပမ်းနေချိန်မှာပဲ အိမ်ရှင်အသင်းက ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ လစ်ဗာပူးလ် နောက်ခံလူတွေရဲ့ အထနှေးမှုကို အခွင့်ကောင်းယူပြီး ပရဲရား ဖန်တီးပေးလိုက်တာကို ရော့ဘ်ဆင်ကနူးက ဂိုးသမားရဲ့ အဝေးဒေါင့်ထဲကို မြေလှိမ့်ဘော ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် တို့ ချေပဂိုးပြန်ရဖို့ အားထည့် ကစားခဲ့ပေမယ့် ဝက်စ်ဘရွန်း နောက်တန်းနဲ့ ဂိုးသမားရဲ့ ကာကွယ်မှုတွေကြောင့် အခက်တွေ့နေခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၃ မိနစ်မှာ မာနေးပြန်ပေးတဲ့ ဘောလုံးကို မိုဟာမက်ဆာလာက ဧရိယာထိပ်ကနေ မထင်မှတ်ပဲ ကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့လို့ လစ်ဗာပူးလ်တို့ ချေပဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ဆာလာရဲ့ အခုနှစ် ပရီးမီးယားလိဂ် ၂၂ ဂိုးမြောက် သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ အဲ့နောက် အိမ်ရှင်အသင်းရဲ့ တန်ပြန်တိုက်စစ် ကနေ တစ်ဆင့် ထိုးဖောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲအချိန်အများစုမှာ လစ်ဗာပူးလ် တို့ကပဲ ဝက်စ်ဘရွန်း ဂိုးပေါက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်က မာနေး သွင်းယူတဲ့ဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ပေးခဲ့သလို ဝက်စ်ဘရွန်း ခံစစ်က ဘာတလီရဲ့ သွင်းဂိုးကိုလည်း လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့ အချိန်အထိ ၁-၁ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။ နာကျင်အချိန်ပို ၄ မိနစ် သတ်မှတ်ပေးခဲ့ပြီး နောက်ဆုံးမိနစ် အရောက်မှာတော့ ရမှတ်ဆုံးရှုံးမှာကို စိုးရိမ်နေတဲ့ နည်းပြ ဂျာဂျင်ကလော့ပ် တစ်ယောက် ကယ်တင်ရှင် ဂိုးသမား အလစ်ဆွန် ဘက်ကာကြောင့် သက်ပြင်းချ နိုင်ခဲ့ပါတော့တယ်။ ၉၀+၅ မှာ ထောင့်ကန်ဘော ကနေ အာနိုးလ် တင်ပေးလိုက်တာကို လူမကပ်ခံထားရတဲ့ ဂိုးသမား အလစ်ဆွန် က အားပါတဲ့ ခေါင်းတိုက်ချက်နဲ့အတူ လစ်ဗာပူးလ် အတွက် အဖိုးတန် သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်အသင်းအနေနဲ့ နောက်ဆုံးတစ်ကြိမ် လစ်ဗာပူးလ် ဂိုးပေါက်ကို တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒိုင်လူကြီးရဲ့ ခရာမှုတ်သံနဲ့ အတူ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
နည်းပြ ကလော့ပ် အပါအဝင် လစ်ဗာပူးလ် တစ်သင်းလုံးရော ကြည့်ရှုနေတဲ့ ပရိသတ်တွေပါ အံ့ဩမင်သက်ခဲ့ရတဲ့ ရှားရှားပါးပါး ပရီးမီးယားလိဂ် အခိုက်အတန့် တစ်ခုကို ကြုံကြိုက်ခဲ့ရတာ ဖြစ်ပါတယ်။ နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းပေးခဲ့တဲ့ အလစ်ဆွန်ဘက်ကာဟာ အသင်း စတင်တည်ထောင်ခဲ့တဲ့ ၁၈၉၂ ခုနှစ် ကစလို့ အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး ဂိုးသွင်းတဲ့ ဂိုးသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အလစ်ဆွန်ရဲ့ ဂိုးကြောင့်ပဲ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာနဲ့ အနီးဆုံးကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ်တို့ အဆင့် ၃ နေရာက လက်စတာစီးတီး နဲ့ ၃ မှတ်ကွာဟပြီး ချဲလ်ဆီးနဲ့ ၁ မှတ်ပဲ ကွာဟတော့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ပိုပိုပြီး ကောင်းလာခဲ့ပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ အလစ်ဆွန် ကြောင့် အပြင် ကံတရားရဲ့ မျက်နှာသာပေးတာ ခံခဲ့ရတာလို့ ပြောရင်လည်း မှားတော့မမှားပါဘူး။ တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ ကြည့်မယ်ဆိုရင် လစ်ဗာပူးလ် ကစားသမားတွေရဲ့ အခုပွဲ စွမ်းဆောင်ရည်ဟာ ယူနိုက်တက်နဲ့ပွဲတုန်းက စွမ်းဆောင်ရည်နဲ့ တခြားစီ ဖြစ်ခဲ့ပြီး ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတာကို တွေ့ရပါလိမ့်မယ်။ လစ်ဗာပူးလ် တိုက်စစ်က ဒီနေ့ပွဲမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၆ ကြိမ်အထိ ရှိခဲ့ပေမယ့် ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုဆိုရင်လည်း ၇၅ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပါတယ်။ ဝက်စ်ဘရွန်း ကတော့ အခွင့်အရေး ရရင်ရသလို တန်ပြန် တိုက်စစ်ကနေ ဘောလုံးဆွဲပြေးပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အလစ်ဆွန်က အပိုင်အခွင့်အရေးတွေကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အခုပွဲရလဒ်ဟာ ဝက်စ်ဘရွန်းတို့ အတွက် အရေးမကြီးခဲ့ပေမယ့် ဂုဏ်သိက္ခာအတွက် အကောင်းဆုံး ကြိုးစားသွားခဲ့တာကတော့ ချီးကျူးစရာပါပဲ။ ဝက်စ်ဘရွန်းတို့ ပရီးမီးယားလိဂ်ကို အမြန်ဆုံး ပြန်လာနိုင်ဖို့ ဘယ်လောက်အထိ အလားအလာ ကောင်းနေသလဲ ဆိုတာ ဒီပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။
လာမယ့်ပွဲစဉ်များ
ဝက်စ်ဘရွန်းတို့ မေလ ၂၀ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပြီး လစ်ဗာပူးလ် ကတော့ ပထမအကျော့ အန်ဖီးလ်မှာ ရှုံးနိမ့်ထားတဲ့ ဘန်လေကို တက်ဖ်မောမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.