အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် မှာတော့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ်က ပို့စ်မောက်ကို ၁-၄ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရသွားခဲ့ပါတယ်။ ဂါဘရီရယ် မာတင်နယ်လီ တစ်ယောက် ထူးထူးခြားခြား ခြေစွမ်းပြသွားကာ ဟက်ထရစ်လည်း ရခဲ့ပြီး အာဆင်နယ်တို့ သွင်းဂိုး အားလုံး ကိုတော့ Set Piece တွေကနေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ အာဆင်နယ်က အဓိက ကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး အရန် အများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ခံစစ်မှာ ဂါဘရီရယ်နဲ့ အတူ နောဂတ်ကို တွဲဖက်ပေးခဲ့ပြီး ဘန်ဝှိုက်၊ လီဝစ် စကယ်လီ၊ ကွင်းလယ်မှာ အက်ဇေး၊ နွမ်နရီ၊ မာရင်နို၊ တိုက်စစ် မှာတော့ မာဒူအေခေ၊ ဂါဘရီရယ် မာတင်နယ်လီနဲ့ ဂျေဇုစ်တို့ ပွဲထွက်ခဲ့ပါတယ်။ အိမ်ရှင် ပို့စ်မောက် ကလည်း ဒဏ်ရာရ ကစားသမား များပြားနေခဲ့ပေမယ့်လည်း အကောင်းဆုံး ပုံစံနဲ့ အာဆင်နယ်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။
ပို့စ်မောက်က အာဆင်နယ်တို့ ကစားကွက် တည်မရခင်မှာ High Pressing နဲ့ ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃ မိနစ်မှာ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ၅ မိနစ် အကြာမှာ ပို့စ်မောက်တို့ ဒေါ့ဇဲလ်ရဲ့ ကိုယ်ဂိုးကိုယ် သွင်းယူမှုကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပြီး အာဆင်နယ်တို့ Set Piece ကနေပဲ ဂိုး ရရှိခဲ့တာပါ။ အဲဒီနောက် အိမ်ရှင်တို့ အာဆင်နယ်ကို ထပ်မံ ဖိအားပေး ကစားဖို့ ကြိုးပမ်းခဲ့ပြီး ပို့စ်မောက်ရဲ့ စိတ်ဓာတ်ခွန်အား အပြည့်နဲ့ ကစားပုံက အာဆင်နယ် အတွက် တော်တော်လေး အခက်တွေ့စရာ ဖြစ်ခဲ့ရပါတယ်။ အာဆင်နယ် ကိုယ်တိုင် ကလည်း ပို့စ်မောက်ရဲ့ အတင်းဝင် အတင်းထွက် ကစားပုံအောက်မှာ အချိန် တချို့ စီးမျောမိခဲ့တာကြောင့် တည်ငြိမ်မှု ရဖို့ ကြိုးစားခဲ့ရပါတယ်။ ပွဲချိန် ၂၅ မိနစ် မှာတော့ အာဆင်နယ်တို့ Set Piece ကနေပဲ ဦးဆောင်ဂိုး ထပ်ရခဲ့ပြန်ပါတယ်။ ဒီဂိုး ကိုတော့ မာဒူအေခေရဲ့ ထောင့်ကန်ဘော ကန်တင် ပေးပို့မှု ကနေ မာတင်နယ်လီက ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ်တို့ ပင်နယ်တီ ရခဲ့ပြီး မာဒူအေခေ ကန်သွင်းခဲ့ပေမယ့် အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။

ပို့စ်မောက်ဟာ အစောပိုင်းမှာ အင်တိုက်အားတိုက် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအား သိသိသာသာ ကျသွားခဲ့ပြီး ပွဲချိန်ကြာလာတာနဲ့ အမျှ အာဆင်နယ်ရဲ့ ကစားကွက် အောက်ကိုပဲ ရောက်ရှိသွားခဲ့ပါတယ်။ ၅၁ မိနစ်နဲ့ ၇၂ မိနစ် မှာတော့ မာတင်နယ်လီက အာဆင်နယ် အတွက် ၂ ဂိုး ထပ်သွင်းပေးခဲ့ပြီး တတိယဂိုးက Set Piece ကနေ စတင်ခဲ့တာ ဖြစ်သလို စတုတ္ထဂိုး ကတော့ မာဒူအေခေရဲ့ ထောင့်ကန်ဘော ကနေ ရခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ အာဆင်နယ်က သိပ်အားမစိုက်တော့ပဲ အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ ၁-၄ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ကိုင် ဟာဗက်ဇ် ပြန်လည် ပါဝင်လာခဲ့သလို ၁၆ နှစ်သား နောက်ခံလူ မာလီ ဆော်လမွန်လည်း လူစားဝင် ကစားခွင့်ရရှိခဲ့ပါတယ်။ ခြေစွမ်းပိုင်း ကတော့ အထွေအထူး ပြောစရာ မရှိခဲ့ပဲ အာဆင်နယ်တို့ သွေးမပူခင် ပို့စ်မောက်ရဲ့ အငိုက်ဖမ်း ကစားခြင်း ခံခဲ့ရပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ အသင်းကြီး အသင်းငယ် ကွာခြားချက် ကြီးမားခဲ့တဲ့ ပွဲလို့ပဲ ဆိုရပါမယ်။ ပို့စ်မောက် ကတော့ ၂၀၂၀ နောက်ပိုင်း အက်ဖ်အေဖလားမှာ အာဆင်နယ်ကို ထပ်မံ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီ အက်ဖ်အေဖလား နိုင်ပွဲနဲ့ အတူ ဟက်ထရစ် ရခဲ့တဲ့ ဂါဘရီရယ် မာတင်နယ်လီ ကတော့ ကစားသမား ဘဝ ပထမဦးဆုံး အကြိမ် အဖြစ် တစ်ပွဲထဲ ၃ ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီပွဲပြီးရင်တော့ အာဆင်နယ်က လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် အဖြစ် ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ရမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


