လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ကိုမိုမှာ ခြေစွမ်းပြနေတဲ့ လူငယ် ကွင်းလယ် ကြယ်ပွင့် နီကို ပက်ဇ်ကို ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား ကွင်းလယ် တိုက်စစ် ကစားသမားလေးက စီးရီးအေ ကလပ်မှာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးနောက် ဥရောပ ထိပ်တန်း ကလပ်များစွာရဲ့ ပစ်မှတ် ဖြစ်နေသူပါ။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ကစားသမားကို လက်ဦးမှု ရယူပြီး လာမယ့် နွေရာသီမှာ ပြန်လည် ခေါ်ယူဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း စပိန် သတင်းစာ AS က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ နီကို ပက်ဇ်ဟာ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ဖြစ်ပေမယ့် စပိန် နိုင်ငံမှာ မွေးဖွားကြီးပြင်းသူ ဖြစ်ပြီး တယ်နာရိုက်ဖ် လူငယ်စီမံကိန်း ကနေ တဆင့် ရီးရဲလ်မက်ဒရစ်ရဲ့ အကယ်ဒမီကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က နီကို ပက်ဇ်ကို ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲသာ အသုံးပြုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နွေရာသီ မှာတော့ စီးရီးအေ တန်းတက် ကလပ် ကိုမိုထံ ယူရို ၆ သန်းနဲ့ ရောင်းထုတ်ခဲ့ပါတယ်။ နီကို ပက်ဇ်က ကိုမိုနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ ကစားသမားကို ယူရို ၉ သန်းနဲ့ ပြန်လည် ခေါ်ယူခွင့်ရှိမယ့် သဘောတူညီချက် ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ လက်ရှိအချိန်မှာ စျေးကွက် တန်ကြေး ယူရိုသန်း ၆၀ ကျော် အထိ မြင့်တက်လာပြီ ဖြစ်တဲ့ နီကို ပက်ဇ်ကို ယူရို ၁၀ သန်း ဝန်းကျင်နဲ့ ပြန်လည် ပိုင်ဆိုင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ နီကို ပက်ဇ် ကိုတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကတည်းက မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေနဲ့ စီးရီးအေ ထိပ်တန်း ကလပ်တွေ ကလည်း ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ဈေးပေါပေါနဲ့ ပြန်လည် ခေါ်ယူသွားနိုင်မယ့် အခြေအနေတွေကြောင့် လက်တွန့်နေခဲ့တာ ဖြစ်ပြီး အခုလည်း မက်ဒရစ် ကလပ်က အားလုံး ထင်ထားတဲ့ အတိုင်း အခွင့်အရေးကို အပိုင်အသုံးချသွားခဲ့ပြီ ဖြစ်ပါတယ်။
နီကို ပက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ကိုမို အတွက် ၃၅ ပွဲ ကစားပြီး ၆ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးခဲ့သလို ဒီရာသီ မှာတော့ ၁၆ ပွဲ ကစားပြီးချိန်မှာ ၅ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးထားပါတယ်။ ဒီကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ အတူ စီးရီးအေကို တန်းတက်လာတာ မကြာသေးတဲ့ ဆက်စ် ဖာဘရီဂတ်စ်ရဲ့ ကိုမို ကလည်း ဒီရာသီမှာ ဆိုရင် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။လာလီဂါ ထိပ်သီး တို့ဟာ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ်တို့ အသင်းမှာ မရှိတော့တဲ့ နောက်ပိုင်း ကတည်းက ထိပ်တန်း ကွင်းလယ် ကစားသမားတွေ အလိုရှိနေခဲ့တာပါ။ ဒါကြောင့် ရီးရဲလ်က ဥရောပ တလွှားက ခြေစွမ်းပြ ကွင်းလယ်လူတွေကို စောင့်ကြည့် ပစ်မှတ်ထားနေခဲ့ပေမယ့် သက်ကြီး ကစားသမားတွေထက် ငယ်ရွယ်ပြီး အနာဂတ်ကောင်းတဲ့ ကစားသမားတွေကိုပဲ ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ အကယ်ဒမီထွက်လည်း ဖြစ်ပြီး အစွမ်းကုန်လည်း တောက်ပနေတဲ့ နီကို ပက်ဇ်ကို တန်လွန်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


