ဂျူဗင်တပ်စ် ကတော့ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲစဉ်မှာ ဘင်ဖီကာကို အိမ်ကွင်းမှာ ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပေမယ့် အဘက်ဘက်မှာ မယှဉ်နိုင်ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြဖြစ်သူ သီယာဂို မော့တာက ဒီပွဲမှာ ရှုံးနိမ့်ခဲ့မှု အတွက် အပြည့်အ၀ တာဝန်ယူပြီး ဂျူဗင်တပ်စ်ဟာ အရှုံးနဲ့ ထိုက်တန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် သီယာဂို မော့တာရဲ့ အသင်းက ချန်ပီယံလိဂ် ပွဲစဉ် ၈ ပွဲ ပြီးချိန်မှာ ၃ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၂၀ နေရာ ရရှိကာ ပလေးအော့ဖ် ကစားခွင့်တော့ ရရှိခဲ့ပါတယ်။ အကယ်၍ ဂျူဗင်တပ်စ်က ဒီပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်လည်း ပလေးအော့ဖ် အဆင့်ကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပြီး ဘင်ဖီကာ အတွက် ကတော့ အဖိုးတန် နိုင်ပွဲ ဖြစ်ခဲ့ရတာပါ။ ဒါကြောင့် ဂျူဗင်တပ်စ်က ပလေးအော့ဖ် အဆင့်မှာ စီးရီးအေ ပြိုင်ဘက် အေစီမီလန် သို့မဟုတ် ပီအက်စ်ဗွီနဲ့ တွေ့ဆုံရဖို့ ရှိနေပြီး ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲ ဆိုတာတော့ မကြာခင်မှာ ပြုလုပ်မယ့် မဲခွဲပွဲ အပြီးမှ သိရမှာပါ။
ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရက်ကလည်း နာပိုလီကို ရှုံးနိမ့်ခဲ့တာကြောင့် ပြည်တွင်း ပြိုင်ပွဲမှာ ရှုံးပွဲ မရှိသေးတဲ့ စံချိန်ကောင်း တစ်ခု ရပ်တန့်သွားခဲ့ရပါသေးတယ်။ နောက်ဆုံး နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ချိန်မှာ Allianz ကွင်းထဲကို လာရောက် အားပေးကြတဲ့ ပရိသတ်တွေက အော်ဟစ် ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ နည်းပြ မော့တာက “ဒီနေ့ ကျွန်တော်တို့ နိုင်ပွဲနဲ့ မထိုက်တန်ခဲ့ပါဘူး။ ဘင်ဖီကာက ကျွန်တော် တို့ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။” သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး“အခု ကျွန်တော်တို့ မြန်မြန်ဆန်ဆန် တိုးတက်ဖို့ လိုအပ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ အမ်ပိုလီနဲ့ ကျွန်တော်တို့ ချက်ချင်း ကစားရမှာ ဖြစ်လို့ပါ။ နေပဲလ်မှာ ကျွန်တော်တို့ ပထမပိုင်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ မှာတော့ ပထမပိုင်းမှာ ရုန်းကန်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ပိုကောင်းခဲ့ပေမယ့် မလုံလောက်ခဲ့ပဲ သူတို့ (ဘင်ဖီကာ)က အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၈ ပွဲမှာ ၅ ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ၂၅ ပွဲ မှာတော့ ၁၆ ပွဲ နိုင် ၉ ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဆက်လက်ပြီး မော့တာက ရှုံးနိမ့်မှု အတွက် ကစားသမား တစ်ဦး တစ်ယောက်ချင်းစီ အပေါ် အပြစ်ပြောဆိုခြင်းတော့ မလုပ်ခဲ့ပါဘူး။ မော့တာက “ရှုံးနိမ့်ပြီးတဲ့နောက် ဘယ်သူ့ကိုမှ လက်ညှိုးမထိုးချင်ပါဘူး။ ကျွန်တော့်မှာ တာဝန်ရှိတာ ကတော့ သေချာပါတယ် ဒါပေမယ့် ကောင်လေးတွေက အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ရှုံးနိမ့်တဲ့ အခါမှာတော့ အရင်ဆုံး မကျေမနပ် ဖြစ်ရတာ ကျွန်တော်တို့ပါပဲ။ တနင်္ဂနွေမှာ ကစားရမယ့် ပွဲရှိနေလို့ မြန်မြန်ဆန်ဆန် တိုးတက်ဖို့တော့ ရှိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ လိုအပ်ချက်တွေ များခဲ့ပါတယ်။ နောက်ဆုံး အနေနဲ့ ပြောစရာက နည်းနည်းပဲ ရှိပါတယ်။ ဘင်ဖီကာက နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ ဘင်ဖီကာ ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့် ဇယား အဆင့် ၁၆ နေရာ ရရှိခဲ့ပြီး ပလေးအော့ဖ်မှာ မိုနာကို သို့မဟုတ် ဘရတ်စ်နဲ့ ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.