ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ဒုတိယအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘေယန်မြူးနစ်နဲ့ ဆဲလ်တစ်တို့ အကြိတ်အနယ် ကစားပြီး တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဘေယန်မြူးနစ် အတွက် မထင်မှတ်ပဲ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး အဲလ်ဖွန်ဆို ဒေးဗီးစ်ရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ နှစ်ကျော့ပေါင်း ၃-၂ ရလဒ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘေယန်မြူးနစ်က နော်အာ၊ စတန်နီဆစ်၊ အူပါမီကာနို၊ ကင်မင်ဂျေး၊ ဂွာရဲရိုး၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ အိုလစ်ဆီ၊ မူဆီအာလာ၊ ဂနာဘရီ၊ ကိန်း တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဆဲလ်တစ် ဘက်မှာလည်း ဖောရက်စ်နဲ့ ဘာနာဒို တို့က လွဲလို့ လူစုံပါဝင်လာခဲ့ပြီး ဘေယန်မြူးနစ်ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ပထမအကျော့ ရလဒ်ကြောင့် အသာရနေပေမယ့် အိမ်ကွင်းမှာ နိုင်ပွဲ ရဖို့ ဆဲလ်တစ် ဘက်ကို တစ်ဖက်သတ် ဖိအားပေး ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ ဟယ်ရီကိန်းရဲ့ ကန်ချက် ၂ ကြိမ်မှာ ၁ ကြိမ်ကို ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့ပြီး နောက်တစ်ကြိမ် ကတော့ ဘားတန်း ထိထွက်ခဲ့လို့ ဘေယန်မြူးနစ်တို့ ကံဆိုးခဲ့ရပါတယ်။ ဒုတိယပိုင်း မှာလည်း ဂိုရက်ဇ်ကာရဲ့ အပိုင် ကန်သွင်းမှုကို ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့သလို ၆၃ မိနစ် အရောက် မှာတော့ ဘေယန်မြူးနစ်တို့ မထင်မှတ်ပဲ ဆဲလ်တစ်ကို ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ မာအီဒါရဲ့ ပေးပို့မှုကို ကင်မင်ဂျေး ဖြတ်တားရာမှာ လွတ်ထွက်သွားပြီး ခွန်းက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဘေယန်မြူးနစ်က အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ ဆာနေး တို့ကို ထည့်က ချက်ချင်း တိုက်စစ်မြှင့်ခဲ့ပြီး ကွန်ပနီရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။
ဘေယန်မြူးနစ်တို့ ဆက်တိုက် ဖိအားပေး ကစားနေပေမယ့် ဆာနေး၊ ဂိုရက်ဇ်ကာရဲ့ ကန်ချက်တွေ ဂိုးပေါက်နဲ့ ကပ်လွဲနေခဲ့သလို ကတ်စ်ပါ ရှမိုက်ကယ်ရဲ့ အံ့မခန်း ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေ မရခဲ့ပါဘူး။ ဒီလိုနဲ့ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ် မှာတော့ ဘေယန်မြူးနစ်တို့ နောက်တစ်ဆင့် တက်ရောက်စေမယ့် သွင်းဂိုး ရရှိသွားခဲ့ပါတယ်။ အိုလစ်ဆီရဲ့ ပေးပို့မှု ကနေ ဂိုရက်ဇ်ကာ ခေါင်းတိုက်တာကို ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို အသင့်ပါလာတဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်က ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ရှမိုက်ကယ် ဦးဆောင်တဲ့ ဆဲလ်တစ် ခံစစ်က ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ကို တစ်ပွဲလုံး အလူးအလဲ ကာကွယ်လာခဲ့ရပြီးမှ နောက်ဆုံး မိနစ်ရောက်ကာမှ ဂိုးပေးခဲ့ရတာ ကတော့ ဆဲလ်တစ် အတွက် တကယ်ကို စိတ်မကောင်းစရာပါ။
ပြောရရင် ဘရန်ဒန် ရော်ဂျာစ်ရဲ့ ဆဲလ်တစ်ဟာ မထင်မှတ်ထားတဲ့ ခြေစွမ်းနဲ့ ဘေယန်မြူးနစ်ကို နှစ်ကျော့စလုံးမှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ အသင်းကြီး တစ်သင်းပီပီ အရေးကြီးတဲ့ အချိန်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာက အားသာချက် ဖြစ်ခဲ့တာပါ။ ၁၆ သင်း အဆင့်ကို တက်လှမ်းသွားတဲ့ ဘေယန်မြူးနစ် ကတော့ အက်တလက်တီကိုမက်ဒရစ် သို့မဟုတ် လေဗာကူဆင်နဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပြီး ဒီခြေစွမ်းအတိုင်း ဆိုရင် မလွယ်ကျောပါပဲ။ ဘေယန်မြူးနစ်လို အသင်းကို အကောင်းဆုံး ခံကစားပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ နီးစပ်ခဲ့တဲ့ ဆဲလ်တစ် ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.