ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က အက်စတွန်ဗီလာကို အမ်းမရိတ်စ်မှာ ၄-၁ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြခဲ့ပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းကို ပထမအကျော့ ဗီလာပါ့ခ်မှာ နောက်ကျဂိုးနဲ့ ရှုူံးထားခဲ့ရတဲ့ ဂန်းနားတို့ သူတို့ရဲ့ အိမ်ကွင်းမှာ လှလှပပ လက်စားချေနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီပွဲမတိုင်ခင် နောက်ဆုံး ၁၁ ပွဲဆက် အနိုင်ရထားခဲ့တဲ့ အက်စတွန်ဗီလာ ကလည်း အာဆင်နယ်ကို ထပ်ပြီး ချိုးဖျက်ပြဖို့ ကြိုးပမ်းခဲ့ပြီး နီးလည်း နီးစပ်ခဲ့ပါတယ်။ ကွင်းလယ် အင်ဂျင် ရိုက်စ် မပါနိုင်တာကြောင့် အာဆင်နယ်တို့ သိသိသာသာ အားနည်းလိမ့်မယ်လို့ ထင်ခဲ့ကြသလို ပထမပိုင်း ခြေစွမ်းကြောင့် အာဆင်နယ်ကို အများစု ဝေဖန်ခဲ့ကြမှာပါ၊၊ ဒါပေမယ့်လည်း အာဆင်နယ်က ဝေဖန် မစောဖို့ ဒုတိယပိုင်းမှာ သက်သေပြနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၂ ဖက်စလုံး ဂိုးမရခဲ့သည့်တိုင်အောင် ဒုတိယပိုင်း မှာတော့ သွင်းဂိုး ၅ ဂိုး အထိ မြင်တွေ့ခဲ့ရပါတယ်။
ဂါဘရီရယ်၊ ဆလီဘာ ဗဟိုခံစစ် အတွဲအဖက်နဲ့ ပြန်လည် ပွဲထွက်လာတာ ကလည်း အာဆင်နယ်ရဲ့ ခံစစ်ကို သိသိသာသာ ကျစ်လျစ်သွားစေခဲ့သလို ဂါဘရီရယ် ပြန်ပါလာချိန်မှာ အာဆင်နယ်က သူတို့ရဲ့ ဒီရာသီ Trademark တစ်ခုလို ဖြစ်နေတဲ့ Set-Piece ကနေ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အူနိုင်း အမ်မရီ ကတော့ အိုလီ ဝက်ကင်န်ကို တိုက်စစ်မြှားဦးမှာ ထားပြီး အာဆင်နယ်ရဲ့ ခံစစ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့သလို ထိလည်း ထိရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း အပြီးမှာတော့ ၀-၀ ရလဒ် ဖြစ်နေခဲ့ပြီး တကယ့် ဇာတ်ရှိန်က ဒုတိယပိုင်းမှာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာ ဆာကာ ထောင်ပေးတဲ့ တောင့်ကန်ဘော ကနေ ဂါဘရီရယ်က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး နောက်ထပ် ၄ မိနစ် အကြာမှာတော့ အိုဒီဂတ် ခင်းပေးလိုက်တဲ့ ဘောလုံးကို မာတင် ဇူဘီမန်ဒီ ဂိုးသမား မာတီနက်ဇ်နဲ့ တစ်ယောက်ချင်း အတွေ့မှာ ပါးနပ်စွာ သွင်းယူပြီး ဒုတိယဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ၂-၀ ဖြစ်သွားချိန် မှာတော့ ဗီလာတို ပြိုလဲသွားခဲ့ပြီး အာဆင်နယ်တို့ ပြုသမျှ နုရတဲ့ အဖြစ် ရောက်သွားခဲ့ပါတယ်။
၆၉ မိနစ် မှာတော့ အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှု အောက်မှာ ဖယိုဖရဲ ဖြစ်နေတဲ့ ဗီလာရဲ့ ခံစစ် ရှုပ်ရှပ်ခတ်နေတဲ့ ကြားက ထရော့ဆက်ဒ်က အမှတ်မထင် ဝေ့ဝှိက်ကန်သွင်းခဲ့တာကြောင့် အာဆင်နယ် တတိယဂိုး ရခဲ့ပါတယ်။ ၇၇ မိနစ် အရောက်မှာလည်း ယောကရက်စ် အစား ဂါဘရီရယ် ဂျေဇုစ် ဝင်လာပြီး စက္ကန့်ပိုင်းအကြာမှာတင်ပဲ အာဆင်နယ်တို့ ဂိုးထပ်ရခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ဂျေးဇုဟာ မိနစ် အနည်းငယ်သာ ပါဝင်ကစားခဲ့ရပေမယ့် အသင်းလိုက် ကစားပုံ မှာတော့ ယောကရက်စ်ထက် ပိုပြီး အသင်းနဲ့ လိုက်လျော ညီထွေစွာ ကစားနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ပြန်ကြည့်ရင် ရာယာ ကနေ စတင်ချိန်က စပြီး ဂျေဇုစ် ဂိုးသွင်းပြီးချိန်အထိ ၂၂ စက္ကန့်သာ ကြာခဲ့ပါတယ်။ ပွဲက ဂိုးပြတ်နေတာကြောင့် အာဆင်နယ်တို့ ထုံးစံအတိုင်း ကစားအားချချိန်မှာ ဗီလာတို့ တင်ကစားခဲ့လို့ နောက်ပိုင်း မိနစ်တွေမှာ ဗီလာတို့ ဘောလုံး ကိုင်ထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒီလိုနဲ့ ပွဲပြီးခါနီးမှာ မာလန်း ကန်ချက် တိုင်ထိ ထွက်လာတာကို ဝက်ကင်န် ပိတ်သွင်းပြီး ဗီလာ အတွက် နှစ်သိမ့်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင် မက်ဂင်းန်ရဲ့ အနီးကပ် ပိတ်သွင်းမှုကို ရာယာ အပိုင် ကာကွယ်သွားလို့ အာဆင်နယ်တို့ ပြိုင်ဘက်ကို ၂ ဂိုး ပြန်မပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲက အာဆင်နယ် အတွက် ဘာတွေ ထူးခြားသွားလဲ
အာဆင်နယ် အတွက် ဂိုးပြတ်နိုင်ပွဲ ဆိုတာထက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ခဏတာ ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ဓာတ်မာကျောမှုတွေနဲ့ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်စိတ်တွေ ပြန်လည် မြင်တွေ့ခဲ့ရတဲ့ ပွဲလို့ပဲ ဆိုရပါမယ်။ နည်းပြဟောင်း အူနိုင်း အမ်မရီနဲ့ ဂိုးသမားဟောင်း အမ်မီ မာတီနက်ဇ်ရဲ့ အက်စတွန်ဗီလာဟာ ဒီပွဲ မတိုင်ခင် ဒီရာသီ ၁၁ ပွဲဆက် နိုင်ပွဲ ဆက်ခဲ့သလို ၁ ပွဲထဲ ၄ ဂိုး အသွင်းခံရတဲ့ မှတ်တမ်းဆိုးလည်း မရှိခဲ့ပါဘူး။ နောက်ပြီး ၃ မှတ် အကွာ အဆင့် ၃ နေရာ ကနေ အနီးကပ်ဆုံး ဖိအားပေးနေတဲ့ အသင်း ဖြစ်ပါတယ်။
ဒီလို အသင်းကောင်း တစ်သင်းကို အာဆင်နယ်တို့ ချိုးဖျက်ပြနိုင်ခဲ့လို့ ဒီနိုင်ပွဲက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက် အတွက် လောင်စာ ဖြစ်သွားမှာ အသေအချာပါပဲ။ တကယ်တော့ အာဆင်နယ်က ရာသီကြို ပြင်ဆင်မှုကောင်းတွေ၊ ကစားသမားတွေရဲ့ ရင့်ကျက် တည်ငြိမ်လာမှု၊ မီခဲလ် အာတေးတားရဲ့ ပိုပြီး လက်တွေ့ဆန်လာတဲ့ နည်းစနစ်ပိုင်းတွေနဲ့ အတူ ဒီရာသီမှာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ အခိုင်အမာ ရှိနေပြီးသားပါ။ ဒါပေမယ့်လည်း ဆောင်းဝင်လာချိန် ဒဏ်ရာပြဿနာတွေကြောင့် ပွဲစဉ် တချို့မှာ သူတို့ရဲ့ အဓိက ရည်မှန်းချက်တွေ အနည်းငယ် ပျောက်ဆုံးခဲ့ရပါတယ်။ အခုတော့ ဗီလာက အာဆင်နယ်ကို ပြန်လည် လှုပ်နှိုးမိသွားပြီ ဖြစ်ပါတယ်။
အခု ဆိုရင် အာဆင်နယ်က ပြက္ခဒိန်တစ်နှစ်တာ အတွင်း ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာ၌ ၇ ကြိမ်မြောက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါက လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ အတူ တခြားသော အသင်းတွေထက် အများဆုံး အဖြစ် ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ပြီး အာဆင်နယ်က ပရီးမီးယားလိဂ် ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ပြီး ရာသီအကုန်မှ သူတို့ ရာစုနှစ် နှစ်ခု အကြာ ဝေးကွာနေတဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


