အာဆင်နယ် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ မှာတော့ အာဆင်နယ်က ဘရိုက်တန်ကို အမ်းမရိတ်စ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဂန်းနားတွေဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ပြန်လည် ကောင်းမွန်နေပေမယ့် ဖိအားတွေ အောက်ကို ရောက်နေပုံရပြီး ပြိုင်ဘက်တွေကို ခက်ခက်ခဲခဲ ကစားပြီးမှ နိုင်ပွဲတွေ ရနေခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံး ၄ ပွဲမှာ အသင်းရဲ့ တိုက်စစ်က ကိုယ်တိုင် ဂိုးသွင်းဖို့ ရုန်းကန်နေရပြီး ဝုဗ်ကို အနိုင်ရတဲ့ပွဲမှာ ပြိုင်ဘက်ရဲ့ OG ဂိုးတွေကြောင့် နိုင်ပွဲ ရခဲ့သလို အဲဗာတန်နဲ့ ပွဲမှာတော့ ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ခရာဘောင်ဖလား ပွဲစဉ် မှာလည်း ပြိုင်ဘက် ကစားသမား လာခွာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ကံကောင်းခဲ့ရသလို အခု ဘရိုက်တန်နဲ့ ပွဲမှာလည်း OG ဂိုး ထပ်ရခဲ့ပြီး အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ တင်ဘာ မပါလာခဲ့သလို ဘယ်နောက်ခံလူ ကာလာဖီအိုရီ ကလည်း သွေးပူလုပ်နေရင်း ဒဏ်ရာရသွားခဲ့တာကြောင့် ခံစစ် ညာအစွန်မှာ ဒီကလန် ရိုက်စ် ကစားခဲ့ရပြီး ဘယ်အစွန် ခံစစ် မှာတော့ လီဝစ် စကယ်လီ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ် မှာတော့ အိုဒီဂတ်၊ မာရင်နိုနဲ့ ဇူဘီမန်ဒီတို့ ကစားခဲ့ပြီး တိုက်စစ်မှာ ထရော့ဆက်ဒ်၊ ဆာကာ၊ ယောကရက်စ်တို့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း ၁၄ မိနစ်မှာ ဆာကာရဲ့ ပေးပို့မှု ကနေ မာတင် အိုဒီဂတ်က ပယ်နယ်တီ ဧရိယာထိပ် ကနေ အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။ အိုဒီဂတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အတွက် ဂိုးသွင်းနိုင်တဲ့ ၁၂ ဦးယောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဂိုးဖန်တီးပေးခဲ့တဲ့ ဆာကာ ကတော့ ၂၀၂၄ နိုဝင်ဘာလတုန်းက နော့တင်ဟမ်ဖော်ရက်စ်နဲ့ ပွဲနောက်ပိုင်း ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ ပထမဦးဆုံး အကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာကာ အနေနဲ့ အမ်းမရိတ်စ်မှာ ပရီးမီးယားလိဂ် ၁၄ ပွဲဆက် ဂိုးဖန်တီးမှု မလုပ်နိုင်တဲ့ မှတ်တမ်းဆိုး ကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆာကာက ပရီးမီးယားလိဂ် မှာ အာဆင်နယ် အတွက် ဂိုးဖန်တီးမှု စုစုပေါင်း ၄၇ ကြိမ် အထိ ပြုလုပ်နိုင်တာကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်နိုင်တဲ့စာရင်းမှာ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဆာကာထက် ပိုပြီး စွမ်းဆောင်ထားနိုင်သူတွေ ကတော့ မီဆွတ် အိုဇေးလ် (၅၄ ကြိမ်)၊ ဆက်စ် ဖာဘရီဂတ်စ် (အကြိမ် ၇၀)၊ သီဟာရီ အွန်နရီ (၇၄ ကြိမ်)နဲ့ ဒင်းနစ် ဘားကမ့်ပ် (၉၄ ကြိမ်)တို့ ဖြစ်ပါတယ်။ လက်ရှိမှာ ဆာကာရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ပါဝင်ပတ်သက်မှုက ၁၀၄ ဂိုး အထိ ရှိလာပြီ ဖြစ်တာကြောင့် ဂန်းနား ဂန္ထဝင် ရောဘတ် ပီရက်စ် (၁၀၃ ဂိုး) ထက် ပိုများသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၂ မိနစ် မှာလည်း ဒီကလန် ရိုက်စ်ရဲ့ ထောင့်ကန်ဘောကို ရူတာ ခေါင်းတိုက် ရှင်းထုတ်ရာ ကနေ ကိုယ့််ဂိုးကိုယ် ပြန်သွင်းမိခဲ့တာကြောင့် အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ အာဆင်နယ်တို့ သွင်းယူခဲ့တဲ့ နောက်ဆုံး ၆ ဂိုးထဲမှာ ၄ ဂိုးက OG ဂိုးတွေ ဖြစ်နေပြီး အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ ၁၈၂ ဂိုးထဲမှာ အာဆင်နယ် ရရှိခဲ့တဲ့ OG ဂိုး အရေအတွက်နဲ့လည်း တူညီသွားခဲ့ပါတယ်။
အာဆင်နယ်တို့ ဒုတိယဂိုး ရအပြီးမှာ ကစားပုံ သိသိသာသာ ပျက်ယွင်းသွားခဲ့ပြီး ကြုံသလို ကန်၊ ကြုံသလို ရှင်းနဲ့ တော်တော်လေးကို ကသမ်းကရမ်းဆန်ခဲ့ပါတယ်။ ဒီအခြေအနေကို ဘရိုက်တန်က အခွင့်ကောင်းယူနိုင်ခဲ့ပြီး ၆၄ မိနစ်မှာ ဒီယေဂို ဂိုးမက်ဇ်က ဘရိုက်တန် အတွက် ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဘရိုက်တန်ရဲ့ တရစပ် ဖိအားပေးမှုတွေကြောင့် အာဆင်နယ်တို့ ဂိုးထပ် မပေးရအောင် ရုန်းကန်ခဲ့ရပြီး ၇၆ မိနစ်မှာ မင်တာ့ရဲ့ အပိုင်ကန်ချက်ကို ဒါးဗစ် ရာယာ လေပေါ်ပျံဝဲပြီး အံ့အားသင့်စရာ ကောင်းအောင် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။ ရာယာရဲ့ ကာကွယ်မှုနဲ့ ပြိုင်ဘက်ရဲ့ OG ဂိုးကြောင့်သာ မဟုတ်ရင် အာဆင်နယ်တို့ နိုင်ပွဲရမှရပါ့မလားလို့တောင် သံသယ ဖြစ်မိပါတယ်။
အချက်အလက်တွေအရတော့ အာဆင်နယ်က ဒီရာသီ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ရှုံးပွဲ လုံးဝ မရှိထားပဲ အိမ်ကွင်း ရလဒ်ကောင်းတွေနဲ့ ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်က အနီးကပ် ပြိုင်ဘက် မန်ချက်စတာစီးတီးကို ၂ မှတ် ပြန်ဖြတ်ပြီးတော့ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီး နည်းပြ ဖေဘီယန် ဟက်ဇီလာ ကတော့ ဒီဇင်ဘာလ အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ လုံး၀ နိုင်ပွဲ မရဘဲ အခုဆိုရင် ၆ ပွဲ သရေ၊ ၅ ပွဲ ရှုံးခဲ့တာကြောင့် ဒီဇင်ဘာလ အတွင်း နိုင်ပွဲ ပျောက်မှု အများဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


