ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က လာမယ့် နွေရာသီမှာ တောင်ပံ ကစားသမား လူးဝစ် ဒီးယက်ဇ်ကို အသင်း ကနေ လက်လွှတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍ ဒီးယက်ဇ်သာ ထွက်ခွာသွားခဲ့မယ် ဆိုရင်တော့ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အေစီမီလန်က ပေါ်တူဂီ တောင်ပံ တိုက်စစ် ကစားသမား ရာဖေးလ် လီယောင်ကို ပစ်မှတ်ထား ချိန်ရွယ်နေတယ်လို့ သိရပါတယ်။
ဒီသတင်းကို TEAMtalk ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပြီးတော့ ကိုလံဘီယာ လက်ရွေးစင် တောင်ပံ ကစားသမားဟာ အစောပိုင်း မှာကတည်းက ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်နေသူပါ။ သတင်းတွေ အရ ဆိုရင် လူးဝစ် ဒီးယက်ဇ်ဟာ လက်ရှိမှာ လစ်ဗာပူးလ် အတွက် ပုံမှန် ပွဲထွက်ခွင့်တွေ ရရှိနေတဲ့ အဓိက ကစားသမား ဖြစ်နေပေမယ့် ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဒီးယက်ဇ် အတွက် အိမ်မက် အသင်း ဖြစ်ပြီး မကြာခင်မှာ ကစားခွင့် ရရှိချင်နေကြောင်းလည်း သိရပါတယ်။

ဗြိတိန် မီဒီယာတွေရဲ့ ဖော်ပြချက် အရ လစ်ဗာပူးလ်က လာမယ့် နွေရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းက မိုဟာမက် ဆာလာ၊ ဒါဝင် နူညက်ဇ်၊ ဒီယိုဂို ဂျိုတာနဲ့ လူးဝစ် ဒီးယက်ဇ် တို့ထဲက အနည်းဆုံး ၂ ဦးလောက် လက်လွှတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ပြိုင်ဘက် ဘရိုက်တန် တိုက်စစ်မှူး ယာအို ပီဒရိုကို ပစ်မှတ်ထားလျက် ရှိသလို အခု နောက်ဆုံး မှာတော့ အေစီမီလန်က ရာဖေးလ် လီယောင် ကိုပါ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ ကြယ်ပွင့် လီယောင်က အေစီမီလန်ရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက လီယောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ အေစီမီလန် ဘက်ကလည်း သူတို့ရဲ့ ကစားသမားကို ယူရို ၁၇၅ သန်းထိ ဈေးသတ်မှတ်ထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ အေစီမီလန် ဘက်က လီယောင်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ အထိ တန်ကြေး လျော့ချထားပါတယ်။
ရာဖေးလ် လီယောင် ကိုတော့ ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့လို အသင်းတွေက စိတ်ဝင်စားနေပြီး လစ်ဗာပူးလ် ကလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာနိုင်တဲ့ လူးဝစ် ဒီးယက်ဇ် နေရာမှာ အစားထိုးဖို့ လီယောင်ကို ခေါ်ယူချင်နေပါတယ်။ တစ်ခုရှိတာက ပရီးမီးယားလိဂ် ကလပ် ဘက်က လီယောင် အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ လောက် သုံးစွဲဖို့ ဆိုတာ မဖြစ်နိုင်တာကြောင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းသွားဖွယ်တော့ ရှိနေပါတယ်။
ဒီရာသီမှာ အေစီမီလန်က ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့် ကနေပဲ စောစောစီးစီး ထွက်ခွာထားခဲ့ရသလို စီးရီးအေ မှာလည်း အမှတ်ပေးဇယား အဆင့် ၉ နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါကြောင့် အေစီမီလန်က လာမယ့်ရာသီ ဥရောပ ၀င်ခွင့် တစ်နေရာ အတွက် ၆ မှတ် အထိ ကွာဟနေပြီး မသေမချာ ဖြစ်နေပါတယ်။ ဒီအချက်ကပဲ လီယောင် အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပြီး အကယ်၍ အေစီမီလန်သာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ဘူး ဆိုရင်တော့ အသင်း ကနေ ထွက်ခွာနိုင်ချေ များသွားဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.