အခုတစ်ခါ မှာတော့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အနားယူခဲ့ပေမယ့် ဘောလုံးလောကမှာပဲ ဆက်ရှိနေဦးမယ့် ကိုလာရော့ဗ်
မန်ချက်စတာစီးတီး နောက်ခံလူဟောင်း အလက်ဇန္တား ကိုလာရော့ဗ် အနေနဲ့ စီးရီးအေ ကလပ် အင်တာမီလန် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကစားသမား ဘဝ ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၃၆ နှစ် အရွယ် ဆာဘီးယား ခံစစ်မှူးဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း အင်တာမီလန် အသင်း အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲသာ ပွဲထွက် ကစားခဲ့ရပြီး အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
ကိုလာရော့ဗ်က “ကစားသမားဘဝ ကနေ အနားယူချိန် နီးကပ်လာပြီ ဖြစ်လို့ ဝမ်းနည်းမိပါတယ်။ အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အတွက်တော့ ပျော်ရွှင်မိပြီး ကျွန်တော့်ရဲ့ ကစားသမား သက်တမ်း တစ်လျှောက် အားပေးကူညီခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကိုလာရော့ဗ်က သူ့အနေနဲ့ ကစားသမား အဖြစ်က အနားယူခဲ့ပေမယ့် ဘောလုံးလောကထဲမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ပြီး အီတလီ ဘောလုံး အဖွဲ့ချုပ်ရဲ့ အားကစားဒါရိုက်တာနဲ့ ကင်းထောက် အဖြစ် ဆက်လက် လုပ်ကိုင်သွားမယ်လို့ ပြောကြားထားပါတယ်။
ကိုလာရော့ဗ်ဟာ အင်တာမီလန် အသင်းကို မရောက်ခင် ၂၀၁၇ ကနေ ၂၀၂၀ အထိ ရိုးမား အသင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် မှာတော့ ၇ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အသင်းမှာ ပြိုင်ပွဲစုံ ၂၄၇ ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ် အောင်မြင်မှု ရရှိခဲ့တဲ့ ကိုလာရော့ဗ်ဟာ ဆာဘီးယား လက်ရွေးစင် အသင်း အတွက်တော့ ၉၄ ပွဲ ကစားခဲ့သူ ဖြစ်ပါတယ်။
အေဘရာဟမ်ကို ပရီးမီးယားလိဂ်ဆီ ပြန်ခေါ်ချင်နေတဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်
မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် အသင်း တို့ကတော့ စီးရီးအေ ကလပ် ရိုးမားမှာ ခြေစွမ်းပြနေတဲ့ တမ်မီ အေဘရာဟမ်ကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ နည်းပြ ဂျိုဆေး မော်ရင်ဟိုရဲ့ အရောင်တင်ပေးမှုနဲ့ အတူ ပြိုင်ပွဲစုံ အရပ်ရပ် ၅၃ ပွဲကစားပြီး ၂၇ ဂိုး သွင်းယူထားတဲ့ အေဘရာဟမ်ဟာ ယူရိုပါလိဂ် ဖလားလည်း ကိုင်မြှောက်ထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးကို တူချယ် စတင်ကိုင်တွယ်ချိန်ကစပြီး ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့လို့ စီးရီးအေ ကလပ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ အေဘရာဟမ် အနေနဲ့ ဂျိုဆေး မော်ရင်ဟိုရဲ့ အသင်းမှာ ကစားရတာ ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားထားသူလည်း ဖြစ်ပါတယ်။
သတင်းတွေ အရ အေဘရာဟမ်ကို အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အာဆင်နယ် အပြင် မန်ချက်စတာယူနိုက်တက် အသင်း ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ တိုက်စစ် ကစားသမား အများအပြား ရှိနေပေမယ့် တောင်ပံ အားသန်သူတွေ ဖြစ်နေတာကြောင့် တိုက်စစ်မျှားဦး အတွက် တမ်မီ အေဘရာဟမ်ကို ပစ်မှတ်စာရင်းထဲ ထည့်လာခြင်း ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ရိုးမား အသင်းကို ရောင်းချခဲ့စဉ်က ထည့်သွင်း ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် အရ ချဲလ်ဆီး ကလည်း အေဘရာဟမ်ကို ပေါင် ၆၉ သန်းနဲ့ ပြန်လည် ခေါ်ယူခွင့် ရှိနေပေမယ့် လက်ရှိ အချိန်ထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး။ တစ်ခု ရှိတာက လူကာကူ အနေနဲ့ အင်တာမီလန်ကို ပြန်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်တာကြောင့် တူချယ် အနေနဲ့ အေဘရာဟမ်ကို ပြန်ခေါ်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အင်တာကို ပြန်ဖို့ သဘောတူညီမှု ရသွားတဲ့ လူကာကူ
တစ်ဆက်တည်းမှာပဲ ချဲလ်ဆီး တိုက်စစ်မှူး ရိုမယ်လူ လူကာကူ အနေနဲ့ စီးရီးအေ ကလပ် အင်တာမီလန် အသင်းကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားခဲ့ပြီလို့ သိရပါတယ်။ ချဲလ်ဆီး အသင်းက လူကာကူရဲ့ လုပ်ခလစာ တစ်စိတ်တစ်ပိုင်းကို ပေးချေဖို့ သဘောတူခဲ့သလို ကစားသမား ကိုယ်တိုင် ကလည်း မနှစ်က စတန်းဖို့ဒ်ဘရစ်ချ်မှာ ရခဲ့တဲ့ လစာကို အနည်းငယ် လျှော့ယူသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ ပုဂ္ဂိုလ်ရေး အရ သဘောတူညီ ထားခဲ့ပြီး ဖြစ်တာကြောင့် မကြာခင် အချိန်တွင်း နှစ်ဖက် အသင်းကြား လူကာကူရဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ရာသီ အငှားစာချုပ် ကုန်ဆုံးချိန်မှာ အပြီးသတ် ဝယ်ယူခွင့် ဆိုတဲ့ အချက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဘယ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ် အထိ အင်တာမီလန်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ချဲလ်ဆီး အသင်းထံ ပြန်လည် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားခဲ့ရာမှာ ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပြီး စီးရီးအေကို ပြန်ဖို့ ရာသီမကုန်ခင် ကတည်းက တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.