အာဆင်နယ် ၃ – ၁ ဝက်စ်ဘရွန်း
မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) မှာတော့ အာဆင်နယ်တို့ အိမ်ကွင်းမှာ စမစ်ရိုးဝ်၊ ပေပေ၊ ဝီလျံ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရလဒ်ကြောငင့် ဆမ်အလာဒိုက်စ်ရဲ့ ဝက်စ်ဘရွန်း အသင်းဟာ ပရီးမီးယားလိဂ် ကနေ ၅ ကြိမ်မြောက် တန်းဆင်းသွားခဲ့ရပြီး အာဆင်နယ် ကတော့ မှိန်ပြပြကျန်နေတဲ့ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက် အတွက် ဆက်ပြီး တိုက်ပွဲရဝင်ရဦးမှာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာတော့ အာဆင်နယ်တိုက်စစ်က မာတင်နယ်လီ ဦးဆောင်ပြီး တောင်ပံနှစ်ဖက်မှာ ပေပေနဲ့ ဝီလျံ၊ နောက်ချန်တိုက်စစ် အဖြစ် စမစ်ရိုးဝ်၊ ကွင်းလယ်အထိုင်မှာ အယ်နီနီနဲ့ ဆယ်ဘာလော့စ်၊ ခံစစ်မှာ ချမ်ဘာစ်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ ဆာကာနဲ့ ဂိုးမှာ ဘန်လန်နိုပဲ ပွဲထွက်လာပါတယ်။ ဒီပွဲမှာ ရလဒ်မကောင်းရင် တန်းဆင်းရမယ်ဆိုတာ သိနေတဲ့ ဝက်စ်ဘရွန်းတို့ တတ်နိုင်သမျှ ရလဒ်ကောင်းဖို့ အားစိုက်ကစားလာပြီး ဒီယာ့ဂ်နီ၊ ရော်ဘင်ဆင်၊ ပရဲရား၊ ဂယ်လက်ဂ်ဟာ၊ တောင်ဆန်၊ ဖာလောင်းဂ်တို့လို အမာခံကစားသမားတွေနဲ့ပဲ ပွဲထွက်လာပါတယ်။ ပွဲအစပိုင်းမှာ ပရဲရားနဲ့ ရော်ဘင်ဆင် တို့ ရှိနေတဲ့ ဝက်စ်ဘရွန်း တောင်ပံ နှစ်ဖက်က တိုးအားကောင်းကောင်းနဲ့ အာဆင်နယ် နောက်တန်းကို ထိုးဖောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း အချိတ်အဆက်ပိုမိခဲ့တာက အာဆင်နယ်တို့ ဖြစ်ပြီး ပွဲချိန် ၂၉ မိနစ် မှာတော့ တောင်ပံက ဝီလျံနဲ့ ဆာကာ တွဲလုံးကနေ ဆာကာ ဂိုးရှေ့ဖြတ်ပို့တဲ့ ဘောလုံးကို စမစ်ရိုးဝ်က အမှတ်မထင် ပြေးဝင်ပြီး ပိတ်သွင်းသွားခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ ပွဲချိန် ၃၅ မိနစ်မှာ ချိန်ဘာစ်ရဲ့ ပေးပို့မှုကနေ နီကိုလပ်စ် ပေပေက တစ်ကိုယ်တော် ဆွဲပြေးပြီး ထောင့်ဖြတ် လှလှပပ ကန်သွင်းပေးခဲ့လို့ ဂန်းနားတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဝက်စ်ဘရွန်း ဘက်က ရော့ဘ်ဆင် ကနူး ဝင်လာခဲ့ပြီး အာဆင်နယ် ဘက်မှာလည်း မာတင်နယ်လီအစား လာကာဇက်၊ စမစ်ရိုးဝ် အစား တီယာနီ ဝင်လာခဲ့ပါတယ်။ ၆၇ မိနစ်မှာတော့ အာဆင်နယ် နောက်ခံလူတွေရဲ့ ပေါ့ဆမှုကနေ မားသီးယပ်စ်ပရဲရားက ချေပဂိုး သွင်းယူပေးခဲ့လို့ ၂-၁ ဖြစ်နေခဲ့ပါတယ်။ ချေပဂိုး ၁ ဂိုးပေးလိုက်ရတဲ့ နောက်မှာတော့ အာဆင်နယ်တို့ အနိုင်ရလဒ်ကို ထိန်းထားနိုင်ဖို့ အတွက် ကွင်းလယ်က ဆယ်ဘာလော့စ် အစား သောမက်စ်ပါတေးကို ဝင်ကစားစေခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်တဲ့ အချိန်မှာတော့ အာဆင်နယ်တို့ ဂိုးဧရိယာထိပ်မှာ ဖရီးကစ် ကန်ခွင့်ရခဲ့ပြီး ဒီဖရီးကစ်ကိုတော့ ဝီလျံက ဂိုးသမားရဲ့ ညာဘက် အပေါ်ထောင့်ထဲက လှလှပပ သွင်းယူပေးခဲ့လို့ အာဆင်နယ်တို့ ပွဲအပြီးမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီနေ့ပွဲမှာ အာဆင်နယ်ရဲ့ ခြေစွမ်းက အကောင်းကြီး မဟုတ်ခဲ့ပေမယ့် လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်း မှန်ကန်တာအပြင် တန်းဆင်းရတော့မယ့် အသင်းနဲ့ ဖြစ်နေလို့ ဂိုးပြတ်နိုင်ပွဲ ရခဲ့တယ်လို့ ဆိုရမှာပါ။ ဒီနေ့ပွဲမှာ ဖရီးကစ် ကနေသွင်းဂိုး ၁ ဂိုး ရယူပေးခဲ့တဲ့ ဝီလျံကတော့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီးချိန်မှ ပထမဆုံး သွင်းဂိုး စတင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ နေရာစုံက အားနည်းချက် ရှိနေပြီး ဒီတစ်ရာသီလုံး ပုံမှန်စွမ်းဆောင်ရည် ရှိတဲ့ ကစားသမားဆိုလို့ ရှာကာ၊ ဆာကာ၊ စမစ်ရိုးဝ်၊ တီယာနီတို့ပဲ ရှိပါတယ်။ နည်းပြ အာတေးတား ကစလို့ ဂိုးသမား ဘန်လန်နို၊ အော်ဘာမီယန်း၊ ဆယ်ဘာလော့စ်၊ လာကာဇက်၊ အိုဒီဂတ်၊ ဘယ်လာရင်တို့ ပုံမှန် ခြေစွမ်းအောက်မှာပဲ ရှိခဲ့ပြီး အဆိုးဆုံးကတော့ ပေးရတဲ့ဈေးနဲ့ ဘယ်လိုမှကို မတန်သေးတဲ့ ကွင်းလယ်က သောမက်စ် ပါတေး ဖြစ်ပါတယ်။ အရေးကြီးတဲ့ပွဲမှာ ရလဒ်မကောင်းပဲ အရေးမကြီးတဲ့ အသင်းငယ်တွေနဲ့ ကစားတဲ့ပွဲဆိုရင် အနိုင်မရတဲ့ အာဆင်နယ်တို့ အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးမှပဲ ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီး စာရင်းဝင် ပြန်ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ တန်းဆင်းရတော့မယ့် အသင်းတွေရဲ့ ကယ်တင်ရှင် ဖြစ်ခဲ့တဲ့ ဘစ်ဆမ် အနေနဲ့ ဝက်စ်ဘရွန်း ကိုတော့ ကယ်တင်နိုင်ခြင်း မရှိခဲ့လို့ လက်ကျန် ၃ ပွဲ အလိုမှာပဲ တန်းဆင်းရဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ ၅ ကြိမ်မြောက် တန်းဆင်းရတဲ့ ဝက်စ်ဘရွန်းဟာ ဘယ်တော့မဆို ၂ ရာသီထက် ပိုမကြာပဲ တန်းပြန်တက်လာတတ်တဲ့ အသင်းဖြစ်လို့ သိပ်မကြာခင်မှာပဲ ပရီးမီးယားလိဂ် ဆီပြန်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။
လာမယ့်ပွဲစဉ်များ
အာဆင်နယ်တို့ လာမယ့် မေလ ၁၃ ရက်နေ့မှာ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိပြီး ဝက်စ်ဘရွန်း ကတော့ လစ်ဗာပူးလ်နဲ့ ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.