အက်စတွန်ဗီလာ ၁ – ၃ မန်ချက်စတာယူနိုက်တက်
ဒီကနေ့ ညနေ အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက် တို့ အက်စတွန်ဗီလာကို ၁-၃ နဲ့ အနိုင်ရပြီး အဝေးကွင်း ရလဒ်ကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ အခုနိုင်ပွဲကြောင့် လက်ကျန် ၄ ပွဲကနေ အနည်းဆုံး ၁ မှတ်ရရုံနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအနေနဲ့ ယူနိုက်တက်ရဲ့ နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ နောက်တစ်ပတ် ထပ်စောင့်ရတော့မှာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာတော့ အိုလီဂန်နာဆိုးလ်ရှားရဲ့ အသင်းက ခြေစွမ်းပြနေတဲ့ ကာဗာနီကို ပွဲထွက်လူစာရင်းကနေ အနားပေးပြီး ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးနေရာမှာ အသုံးပြုခဲ့ပါတယ်။ နောက်ချန်အဖြစ် ထုံးစံအတိုင်း ဘရူနိုဖာနန်ဒက်စ်ကို ထားပြီး တောင်ပံနှစ်ဖက်မှာ ဂရင်းဝုဒ်၊ ပေါ့ဘာ၊ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ တော်မီနေး၊ နောက်တန်း မှာတော့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ရှောနဲ့ ဝမ်ဘစ်ဆာခါ၊ ဂိုးမှာ ဒင်းန်ဟန်ဒါဆန် တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ အက်စတွန်ဗီလာ ဘက်မှာလည်း ဒဏ်ရာရနေတဲ့ ထရက်ဇီဂတ်နဲ့ ဂျက်ဂရီးလစ်ရှ် တို့ကလွဲလို့ လူစုံခဲ့ပါတယ်။
ပွဲစတယ်ဆိုတာနဲ့ ယူနိုက်တက်တို့ အိမ်ရှင်အသင်းဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး ဗီလာ ကလည်း တစ်ချက်တစ်ချက်မှာ ထရာအိုရေးရဲ့ ညာတောင်ပံကနေ ထိုးဖာက်မှုတွေနဲ့ ယူနိုက်တက်ကို ပြန်ပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၂၄ မိနစ်မှာ အက်စတွန်ဗီလာတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ထရာအိုရေးက ယူနိုက်တက် နောက်ခံလူတွေ ကြားကနေ တစ်ကိုယ်တော် ထိုးဖောက်ပြီး ဂိုးတိုင်ရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပထမပိုင်း တစ်ပိုင်းလုံး အိမ်ရှင်တို့ အကောင်းဆုံး ပုံစံနဲ့ အတူ ယူနိုက်တက်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးတော့ထပ်မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အားပိုစိုက်လာတဲ့ ဆိုးလ်ရှားရဲ့ အသင်းက ပွဲချိန် ၅၂ မိနစ်မှာ ချေပဖို့ အခွင့်အရေး ရသွားခဲ့ပါတယ်။ ဗီလာ ကွင်းလယ်က ဒေါက်ဂလပ်စ် လူးဝစ်ဇ် ပေါ့ဘာကို ဂိုးဧရိယာထဲမှာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်က ယူနိုက်တက်ကို ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့ပါတယ်။ ချေပဂိုး ရပြီးတဲ့နောက် ကစားပုံ ပိုကောင်းလာတဲ့ ယူနိုက်တက်တို့ ထရာအိုရေး၊ အဲလ်ဂါဇီ တို့ရဲ့ ထိုးဖောက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့သလို ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ ဖာနန်ဒက်ဇ်တို့ အချိတ်အဆက်မိမိ နဲ့ ဗီလာ နောက်တန်းကို ပြန်ပြီး ခြိမ်းခြောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ၅၆ မိနစ်မှာ ယူနိုက်တက်တို့ အနိုင်ဂိုးရခဲ့ပြီး ဝမ်ဘစ်ဆာခါရဲ့ ဧရိယာထဲချိုးပေးတဲ့ ဘောလုံးကို ဂရင်းဝ်းဝုဒ်က အမှတ်မထင် ကန်သွင်းသွားခဲ့လို့ ဂိုးသမား မာတီနက်ဇ်လည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ၆၅ မိနစ်မှာ ဂရင်းဝုဒ် အစား ကာဗာနီ ဝင်လာပြီး ယူနိုက်တက် တိုက်စစ်က ပိုထက်မြတ်လာခဲ့ပါတယ်။ ၇၈ မိနစ်မှာ မက်ဂွိုင်းယား နာသွားလို့ ဘိုင်ယီဝင်ကစားခဲ့သလို ၈၆ မိနစ်မှာ ဖာနန်ဒက်စ် အစား မာတစ်ဝင်လာပြီး ယူနိုက်တက်တို့ အနိုင်ရလဒ်ကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရပ်တန့်လို့မရတဲ့ အက်ဒင်ဆန် ကာဗာနီက ၈၇ မိနစ်မှာ ရက်ရှ်ဖို့ဒ် ကန်တင်ပေးတဲ့ ဘောလုံးကို ခေါင်းတိုက် အဆုံးသတ်ပေးခဲ့လို့ ယူနိုက်တက်တို့ ပွဲအပြီးမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပြီးခဲ့တဲ့ ရိုးမားနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရှုံးနိမ့်ခဲ့ပေမယ့် ဗိုလ်လုပွဲ တက်ခဲ့တဲ့ ယူနိုက်တက်တို့ ဒီနေ့ပွဲမှာ ပထမပိုင်း တစ်ပိုင်းလုံး ခြေစွမ်းအားရစရာ မရှိခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အရင်ပွဲတွေက ပုံစံကောင်း တစ်ခုကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ကွင်းလယ်က ဖရက်ဒ်၊ ဖာနန်ဒက်ဇ်၊ ညာနောက်ခံလူ ဘစ်ဆာခါတို့ ခြေစွမ်းပြခဲ့ပြီး အခုနိုင်ပွဲမှာ အဓိကကျခဲ့ပါတယ်။ ပင်နယ်တီ စပယ်ရှယ်လစ် ဖာနန်ဒက်စ် ကတော့ ဒီနေ့ပွဲမှာလည်း သူ့ရဲ့ ကန်နေကျ ပုံစံနဲ့ အမှားအယွင်းမရှိတဲ့ နောက်ထပ် ပင်နယ်တီ သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့ပြီး ဒီရာသီအတွက် ပြိုင်ပွဲစုံမှာ ၂၇ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ၂၀၁၀ ခုနှစ်က ချဲလ်ဆီး ကစားသမားဟောင်း လမ်းပတ် တင်ခဲ့တဲ့ စံချိန်ကို လိုက်မှီခဲ့ပြီး တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းထားတဲ့ ကွင်းလယ်ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအတွက် ဂိုးသွင်းပေးခဲ့တဲ့ ထရာအိုရေး ကတော့ ယူနိုက်တက်ကို ပရီးမီးယားလိဂ် နှစ်ကျော့စလုံးမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ကာဗာနီ ကတော့ ယူနိုက်တက် အတွက် လူစားဝင်ပြီး ပွဲအများဆုံး ဂိုးသွင်းပေးထားသူတွေ ဖြစ်တဲ့ ချီချာရီတို၊ အိုလီဂန်နာဆိုးလ်ရှား တို့ရဲ့ စံချိန်ကိုလည်း လိုက်မှီသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာက ချဲလ်ဆီးကို တစ်ပွဲလျော့နဲ့ ၆ မှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့လည်း သေချာသလောက် ရှိခဲ့ပါပြီ။ အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် ရှုံးပွဲပြန်တွေ့ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာပဲ ဆက်လက် ရပ်တည်ခဲ့ပါတယ်
လာမယ့်ပွဲစဉ်မျ
ယူနိုက်တက်တို့ လာမယ့် မေလ ၁၁ ရက်နေ့မှာ လက်စတာစီးတီးနဲ့ ကစားဖို့ရှိပြီး အက်စတွန်ဗီလာ ကတော့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲကျန်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.